ကာကွယ်ရေးဝန်ကြီး အရပ်သားဖြစ်ရေး ၂၁ရာစုပင်လုံတွင် တင်ပြ

ကာကွယ်ရေးဝန်ကြီး အရပ်သားဖြစ်ရေး ၂၁ရာစုပင်လုံတွင် တင်ပြ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုတပ်မတော်သည် ကာကွယ်ရေးဝန်ကြီး အောက်တွင်ထားရှိ၍ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်ဟု ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့
(KIO)မှ ဒုဗိုလ်မှူးကြီး ဆင်ဝါးက နေပြည်တော်တွင်ကျင်းပနေသည့် ၂၁ရာစုပင်လုံညီလာခံတတိယနေ့တွင် ဆွေးနွေးသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၏ စာတမ်းဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများစာတမ်းထဲက အာဏာခွဲဝေခြင်း၊
အခွန်ဘဏ္ဍာနှင့် သယံဇာတခွဲဝေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၊ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာမူဝါဒများအား UNFC၏ အဖွဲ့ဝင်လည်းဖြစ်သူ ဒုဗိုလ်မှူးကြီး ဆင်ဝါးက ညီလာခံတွင် တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

UNFC၏ စာတမ်းပါ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ မူဝါဒ (၁၀)ချက်အနက် လက်နက်ကိုင်အဖွဲ့အားလုံးသည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိရမည်၊ ပြည်ထောင်စုတပ်မတော်သည် ကာကွယ်ရေးဝန်ကြီးအောက်တွင်ထားရှိ၍ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်ဟူ၍ ဒုဗိုလ်မှူးကြီး ဆင်ဝါးက ညီလာခံတွင် တင်ပြသည်။

လက်ရှိ အခြေခံဥပဒေအရ ကာကွယ်ရေးဝန်ကြီးအပါအဝင် ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ခွင့် ရရှိနေသည်။ လက်ရှိတွင်လည်း
ကာကွယ်ရေးဝန်ကြီးအဖြစ် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တာဝန်ယူထားသည်။

UNFC၏ စာတမ်းတွင်မူ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားဖြစ်ရမည်ဟု ပါရှိသလို ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်း၊ ရေ၊ လေဦးစီးချုပ်တို့သည်
လူမျိုးတစ်မျိုးစီ ဖြစ်ရမည်ဟုလည်း ဆိုထားသည်။

အဆိုပါ စာတမ်းသည် ယခုကျင်းပနေသည့် ၂၁ရာစုပင်လုံညီလာခံတွင် တင်ပြခွင့်ရသည့် အနေအထေားလောက်သာရှိပြီး ဆွေးနွေးခွင့်မရသေးကြောင်း UNFC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးထွန်းဇော်က ပြောသည်။

"ဒီမှာ အပြန်အလှန်ဆွေးနွေးတဲ့ အခင်းအကျင်းတော့ မဟုတ်ဘူး။ ဒီမှာ တင်ပြနိုင်တဲ့ အခင်းအကျင်းပဲ ရှိပါတယ်" ဟု ဦးထွန်းဇော်က ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးနှင့် ပေါ်ပေါက်လာမည့် အခြေခံဥပဒေအရ တပ်မတော်၏ အင်္ဂါစဉ်များကိုလည်း ပြုပြင်ပြောင်းလဲရန်လိုအပ်သည်ဟု
ဦးထွန်းဇော်က ပြောကြားသည်။

"တပ်မတော်က တစ်ခုတည်းသောတပ်မတော် ရှိရမယ်ဆိုတာကို ကျွန်တော်တို့လက်ခံတယ်။ အဲ့ဒီတစ်ခုတည်းသော တပ်မတော်ကို နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုဖွဲ့မလဲ။ ကျွန်တော်တို့
တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ချင်တယ်လေ။ အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပေါ်လာရမယ်။ ဒီဥပဒေနဲ့အညီ တပ်မတော်ရဲ့
စစ်အင်္ဂါစဉ်တွေကိုလည်း လိုအပ်တာတွေကို လိုအပ်သလို ဖွဲ့စည်းသွားရမယ်" ဟု ၎င်းက ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဆိုပါက လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအား မဖြစ်မနေရပြင်ရမည်ဟုလည်း ၂၁ရာစုပင်လုံသို့ တက်ရောက်လာသူ မွန်ပြည်သစ်ပါတီ၏ ဒုတိယဥက္ကဌ
နိုင်ဟံသာက မှတ်ချက်ပြုသည်။

လေးရက်ကြာကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံသည် စက်တင်ဘာ ၃ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး နောက်ထပ် ခြောက်လ အကြာတွင် ဒုတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ဆက်လက်ကျင်းပသွားရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly