ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်နှစ်ဦး အဖွင့်မိန့်ခွန်းပြောခွင့်ရရန် အစိုးရကို တင်ပြထား

ငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်နှစ်ဦး အဖွင့်မိန့်ခွန်းပြောခွင့်ရရန် အစိုးရကို တင်ပြထား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၉၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဘက်မှ ခေါင်းဆောင်(၂)ဦး မိန့်ခွန်းပြောကြားခွင့်ရရန် တိုင်းရင်းသားများဘက်က အစိုးရကို တင်ပြထားသည်။

ဩဂုတ် ၃၁ရက်တွင် စတင်ကျင်းပမည့် ညီလာခံတွင် အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ခေါင်းဆောင်တစ်ဦးနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ခေါင်းဆောင်တစ်ဦးစီ အဖွင့်မိန့်ခွန်းပြောကြားခွင့်ရရန် အစိုးရကို တင်ပြထားခြင်းဖြစ်သည်။

"ဖွင့်ပွဲမှာမိန့်ခွန်းပြောမယ့်ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ၂ဦးပြောဖို့ တင်ထားပါတယ်။ မနက်ဖြန်တစ်ရက်ပဲ ကျန်တာဆိုတော့ မနက်ဖြန်ရရင် ရမှာပေါ့" ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ ပူးတွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ပဒိုကွယ်ထူးဝင်းက နေပြည်တော်တွင် ဩဂုတ် ၂၉ရက်ကပြုလုပ်သည့် ကော်မတီအစည်းအဝေးအပြီးတွင် ပြောသည်။

ဩဂုတ် ၃၁ရက်တွင်စတင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းအပြင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းတို့ကလည်း အဖွင့်မိန့်ခွန်းပြောကြားရန် ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တွင် အဖွင့်မိန့်ခွန်းပြောကြားရန် အစိုးရက တစ်ဦးစီသတ်မှတ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများဘက်ကမူ နှစ်ဦးစီ ပြောခွင့်ရရန် တင်ပြထားခြင်းဖြစ်သည်။

"တိုင်းရင်းသားလက်နက်ကိုင်ဘက်ကလည်း အဖွင့်အမှာစကားကို နှစ်ဦးပြောဖို့ တင်ပြတာရှိပါတယ်။ ဒါပေမယ့် ရက်က အရမ်းကပ်နေတော့ အဆင်ပြေမလားတော့ မသိဘူး။ ဒီလိုပဲ နိုင်ငံရေးပါတီအစုအဖွဲ့ဘက်မှာလည်း နှစ်ဦးပြောကြားနိုင်အောင် တင်ပြထားတာ ရှိပါတယ်။ လောလောဆယ်တော့ တစ်ဦးပဲ ခွင့်ပြုထားပါတယ်" ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်းကျော်ညွှန့်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags