ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လီယိုနာဒိုတို့စုံတွဲ

ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လီယိုနာဒိုတို့စုံတွဲ

နယူးယော့ခ်၊ သြဂုတ် ၂၃ ။              ။ ဟောလိဝုဒ် အကျော်အမော် လီယိုနာဒို ဒီကာပီရိုနှင့် ၎င်း၏ချစ်သူမိန်းကလေး နီနာအဂဒဲလ်တို့ စုံတွဲသည် သီတင်းပတ်ကုန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၁ နှစ်အရွယ်ရှိ မင်းသား လီယိုနာဒို နှင့် အသက် ၂၄ နှစ်အရွယ် မော်ဒယ် နီနာအဂဒဲလ်တို့သည် သြဂုတ် ၂၁ရက်နေ့လည်က နယူးယော့ခ်မြို့ အိစ်ဟမ်တန်ဒေသတွင်  Range Rover ကားဖြင့် ခရီသွားစဉ် အမျိုးသမီးတစ်ဦးမောင်းနှင်လာသော  Mini Cooper ကားသည် လီယိုနာဒိုတို့စီးနင်းလာသော ကား၏ နောက်ပိုင်းကို ဝင်တိုက်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လီယိုနာဒိုသည်  ၎င်းတို့ကားနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကားအတွင်းမှ အမျိုးသမီးကို ကားအပြင်ရောက်အောင် ကူညီပေးခဲ့ပြီး  လီယိုနာဒိုတို့စုံတွဲသည် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အချိန်ထိ  ယင်းအမျိုးသမီးနှင့် အတူရှိနေပေးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လီယိုနာဒို ၊ အဂဒဲလ် နှင့် ယင်းအမျိုးသမီးတို့ အားလုံးသည် ဒဏ်ရာရရှိခဲ့ခြင်းမရှိသော်လည်း ကြိုတင်ကာကွယ်မှုတစ်ရပ် အနေဖြင့် လူနာတင်ယာဉ်တစ်စင်းရောက်ရှိခဲ့သည်။ လီယိုနာဒို၏  Range Rover ကားသည် ထိခိုက်မှုမရှိခဲ့သော်လည်း အမျိုးသမီးမောင်းနှင်လာသော  Mini Cooper ကားသည်  အရှေ့ပိုင်း ပျက်စီးခဲ့ပြီး ကြိုးဖြင့် ဆွဲခဲ့ရသည်။

လီယိုနာဒိုသည်  ဘန်အက်ဖလက်၏ ရုပ်ရှင်ကား  “ Live by Night” အပါအဝင် ရုပ်ရှင်ကားများကို ထုတ်လုပ်လျက်ရှိသည်။ လီယိုနာဒိုသည် “ The Revenant” ရုပ်ရှင်ကားတွင် နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly