ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးပါတီ နည်းဗျူဟာပြောင်းကျင့်သုံးမည်ဆို

ပြည်သူ့အတွက် ပြည်ခိုင်ဖြိုးပါတီ နည်းဗျူဟာပြောင်းကျင့်သုံးမည်ဆို
(ဓာတ်ပုံ- Ohn Myint ဖေ့စ်ဘွတ်မှ)

နေပြည်တော်(ဩဂုတ် ၂၂၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အေင် လေ့လာသုံးသပ်ပြီး ပြုပြင်၊ ကြိုးစားသွားမည်ဟု ပါတီဥက္ကဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားလိုက်သည်။

"ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူတွေရဲ့ အပြောင်းအလဲလိုချင်တဲ့ မျှော်လင့်ချက်၊ လိုလားချက်များကို ကျေနပ်စွာ ခံယူရင်း ပြည်သူတွေရဲ့ လက်ရှိလိုအပ်ချက်များကို သိရှိဖြည့်ဆည်းနိုင်အောင် လေ့လာသုံးသပ် ပြုပြင်ကြိုးစား သွားပါ့မယ်လို့ ပါတီထုတစ်ရပ်လုံးရဲ့ကိုယ်စား ပြည်သူများထံ အသိပေး တင်ပြလိုပါတယ်" ဟု ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ၂၀၁၆ခုနှစ်၊ ဩဂုတ် ၂၂ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ပါတီညီလာခံ(၂၀၁၆)တွင် USDPဥက္ကဌဖြစ်သူ ဦးသိန်းစိန်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ပါတီရဲ့ မူဝါဒရည်မှန်းချက်နဲ့ မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးဖို့ မလိုပေမယ့် နည်းဗျူဟာကျင့်သုံးမှု အပိုင်းတွေမှာတော့ ခေတ်ကာလ အခြေအနေအချိန်အခါ၊ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံးသင့်တာတွေကို ပြောင်းလဲကျင့်သုံးရမှာ ဖြစ်ပါတယ်" ဟု ဦးသိန်းစိန်က ပြောသည်။

ပါတီအနေဖြင့် ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားမည်ဟုဆိုကာ ပြည်သူ့လူထု၏ အခက်အခဲ၊ အကြပ်အတည်းများကို အခြေအနေမှန် သိရှိနိုင်အောင် အောက်ခြေထိ ကွင်းဆင်းထိတွေ့ကြရန်လည်း ပါတီဝင်များကို ဦးသိန်းစိန်က တိုက်တွန်းခဲ့သေးသည်။

"ကျွန်တော်တို့ ပါတီဝင်တွေအနေနဲ့ ဘာပဲလုပ်လုပ် ပြည်သူကို မျက်နှာမူ၊ ပြည်သူကို ဗဟိုပြုလို့ ပြည်သူ့အရေး ဦးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ညီလာခံအဖွင့်မိန့်ခွန်းတွင် ၎င်းက ပြောသည်။

ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် USDPက ဆက်လက်ပါဝင်ဆောက်ရွက်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

ပါတီအနေဖြင့် ယခုလဆန်းပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော "အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ" မှ ထွက်ပေါ်လာသည့် ရလဒ်များကို ယခုကျင်းပသည့် ညီလာခံတွင် တင်ပြဆွေးနွေးကာ ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်အဖြစ် ရှေ့လုပ်ငန်းစဉ် ချမှတ်သွားရန်လည်း ရှိနေသည်။

ပါတီ၏ ဗဟိုအဆင့်ပုဂ္ဂိုလ်များကိုလည်း ယခုကျင်းပနေသည့် ညီလာခံတွင် ရွေးချယ်သွားမည် ဖြစ်သည်။ ဩဂုတ်လ ၂၄ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင်မူ ညီလာခံနှင့်ပတ်သက်ပြီး ပါတီဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည် ဖြစ်သည်။

ယနေ့ကျင်းပသည့် ညီလာခံအဖွင့်တွင်မူ MRTV ၊ SKY NET ၊ မြဝတီနှင့် MRTV-4 ရုပ်သံလိုင်းတို့ကိုသာ သတင်းယူခွင့်ပြုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly