UNFC ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များတွေ့ဆုံမည်

UNFC ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များတွေ့ဆုံမည်
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ခေါင်းဆောင်လေးဦးတို့ ဇူလိုင် ၁၇ရက် ညနေက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ- သူရ၊မဇ္ဈိမ)

ရန်ကုန်၊ သြဂုတ် ၁၉ ။             ။ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) နှင့် အစိုးရဘက်မှကိုယ်စားလှယ်အဖွဲ့များသည် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သြဂုတ် ၂၀ ရက်၌ ထပ်မံတွေ့ဆုံကြမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ဇူလိုင်လက အစိုးရသို့အဆိုပြုထားသည့် အဆိုပြုချက်များနှင့် နိုင်ငံရေးအရအာမခံချက်ရှိသော  ဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များကို တရားဝင်ဆွေးနွေးသွားမည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် ဆွေးနွေးရန် UNFC ဘက်မှပို့ထားသည်များကို ဆွေးနွေးမည်ဖြစ်ပြီး အစိုးရဘက်မှ ဆွေးနွေးရန် သဘောတူထားကြောင်း ဦးလှမောင်ရွှေကဆိုသည်။

“ဆွေးနွေးဖို့ရှိတဲ့ဟာတွေကိုတော့ ဆွေးနွေးလမ်းကြောင်း အရတော့ဖွင့်ထားတာပဲ။ ဒါကြောင့်မို့လို့ ဆရာတို့ဆွေးနွေးရမှာပေါ့။ အကြောင်းရာကတော့ ဆွေးနွေးပွဲမှာ လိုအပ်တဲ့ဟာတွေကိုဆွေးနွေးမှာပေါ့” ဟု ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင်ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်တွင်ကျင်းပခဲ့သည်။

နိုင်ငံရေးမူဘောင်ဆိုင်ရာပြန်လည်သုံးသပ်ခြင်းအစည်းဝေးကို NRPC တွင် သြဂုတ်လ ၁၁ရက်မှ ၁၄ ထိ သုံးရက်ကြာ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ခဲ့သည်။

ဩဂုတ်လ ၁၅ရက်တွင်လည်း နေပြည်တော်၌ UPDJC အစည်းအဝေးပြုလုပ်သည်။

သြဂုတ်လ ၃၁ရက်နေ့တွင် ၂၁ရာစု ပင်လုံညီလာခံကိုကျင်းပမည်ဟု နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags