စီးပွားရေးဖွ့ံဖြိုးမှုအတွက် လျစ်လျူရှုမထားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

စီးပွားရေးဖွ့ံဖြိုးမှုအတွက် လျစ်လျူရှုမထားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၁၅၊ ၂၀၁၆ခုနှစ်)။ ။ ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွက် အဓိကအရေးကြီးသော်လည်း စီးပွားရေးဖွံ့ဖြိုးမှုအတွက် လျစ်လျူရှုထားမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဩဂုတ်လ ၁၅ရက်တွင်ပြုလုပ်သည့် UPDJC အစည်းအဝေးတွင် ပြောကြားလိုက်သည်။

"ငြိမ်းချမ်ရေးက အရေးကြီးတယ်ဆိုပြီး ကျွန်မတို့က စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငြိမ်းချမ်းရေးမရသေးခြင်းရဲ့ အကြောင်းအရင်းတစ်ခုကလည်း ပြည်ထောင်စုသားအားလုံးရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်" ဟု
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးပွဲကော်မတီ(UPDJC)၏ ဥက္ကဌလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရသစ်အနေဖြင့် တိုင်းပြည် စီးပွားရေးမူဝါဒများကို ထုတ်ပြန်ထားပြီးဖြစ်ကာ အဆိုပါ မူဝါဒများအပေါ် ဝေဖန်မှုတစ်ချို့လည်း ရှိခဲ့သည်။

စီးပွားရေးတိုးတက်မှုများကို ငြိမ်းချမ်းရေးမရှိဘဲ ထိန်းသိမ်းထားနိုင်မည်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောသည်။

"ရေရှည်မှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုစီးပွားရေးတိုးတက်မှုကိုမှ ကျွန်မတို့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေးဘက်က ဘယ်လောက်ပဲ တိုးတက်တိုးတက်၊ ငြိမ်းချမ်းရေးပြိုပြီဆိုတာနဲ့ ဒီတိုးတက်မှုတွေကလည်း ပြိုသွားနိုင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ပြင် အစိုးရသစ်၏ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့်ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးတွင် ထပ်မံပြောဆိုခဲ့သေးသည်။

"အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကို သင်ခန်းစာယူပြီးတော့ အနာဂတ်ကောင်းမွန်ရေးအတွက် တိုင်းပြည်ထူထောင်ဖို့ဆိုတာ ကျွန်မတို့ရဲ့ အခြေခံမူဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

ယခု အစည်းအဝေးသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ညီလာခံကျင်းပမည့် နေ့ရက် အတည်ပြုခြင်း၊ ညီလာခံဖွင့်ပွဲ၊ ညစာစားပွဲနှင့် ဖိတ်ကြားမည့် အစီအစဉ်များ အတည်ပြုခြင်း၊ ညီလာခံတွင်ဆွေးနွေးမည့်အစီအစဉ်များ အတည်ပြုခြင်းနှင့် ညီလာခံကျင်းပရေး ပူးတွဲကော်မတီဖွဲ့စည်းရေး အတည်ပြုသွားမည် ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ညီလာခံအား အစိုးရအဆိုပြုသည် ယခု ဩဂုတ်လ ၃၁ရက်တွင် ကျင်းပရန် ယခုအစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်ဟု အစည်းအဝေးပထမပိုင်းအပြီးတွင် ခွန်မြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly