နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ဒုတိယနေ့ကျင်းပ

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ဒုတိယနေ့ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၂ ။             ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး ဒုတိယနေ့ကို ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ သြဂုတ်လ ၁၂ ရက်က ဆက်လက် ကျင်းပလျက်ရှိပြီး ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေကြသည်။

မူဘောင် ပြန်လည်သုံးသပ်တဲ့ဖြစ်စဉ်တွင် ပါဝင်ပူးပေါင်းရေးုနှင့် အစိုးရသစ်နဲ့ပူးပေါင်းဆောင်ရွက်ရမည့် ဖြစ်စဉ်များနှင့် ပက်သက်၍ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်ချက်နှစ်ခုဖြင့် အစည်းဝေးတက် ရောက်ရသည်ဟု နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN) ခေါင်းဆောင် ဦးခူရယ်ကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာ မူဘောင်သုံးသပ်ဖို့ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က အစိမ်းသက်သက် ဖြစ်နေသေးတဲ့အတွက်ကြောင့်မို့လို့ ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါဝင်ဆွေးနွေးဖို့တော့ အခက်ခဲဖြစ်လိမ့်မယ် သို့သော် ပါဝင်နိုင်တဲ့အခန်းဏ္ဍတွေမှာတော့ ကျွန်တော်တို့ ထင်တာမြင်တာလေးတွေကိုတော့ ပြင်ဆင်ဖို့ရန်အတွက် ပါဝင်ဆွေးနွေးသွားမယ် “ ဟု (DPN) ခေါင်းဆောင် ဦးခူရယ်ကပြောသည်။

ယမန်နေ့က ဆွေးနွေးမှုတွင် ငြင်းခုန်မှုအနည်းငယ်ရှိခဲ့သော်လည်း နောက်ဆုံးတွင် လိုချင်သည့်အဖြေကို အောင်အောင်မြင်မြင်ရခဲ့ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာမျိုးဝင်း ကပြောသည်။

အစည်းအဝေးသို့ အပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၈ဖွဲ့မှကိုယ်စားလှယ် ၈ဦး၊ NCA လက်မှတ် မထိုးရသေးသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခုနှစ်ဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အထူးဒေသ ၄ မိုင်းလား အဖွဲ့တို့တက်ရောက်ခဲ့သည်။

သြဂုတ်လ ၁၃ရက်တွင် ၂၁ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ၊ နိုင်ငံရေးပါတီအစုဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ သုံးပွင့်ဆိုင်ဆွေးနွေးကြမှာဖြစ်ပြီး ရလဒ်များကို သြဂုတ်လ ၁၅ရက်တွင်ပြုလုပ်မည့် “ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ “ အစည်းဝေးတွင်တင်ပြသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags