၂၁ရာစု ပင် လုံညီလာခံ ကျင်းပရာတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါ၀င်ရေး ညှိနှိုင်းနေဆဲ

၂၁ရာစု ပင် လုံညီလာခံ ကျင်းပရာတွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါ၀င်ရေး ညှိနှိုင်းနေဆဲ

ရန်ကုန်၊ သြဂုတ် ၁၁ ။              ။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ဒီကနေ့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာကျင်းပခဲ့ပြီး အပစ်အခတ်ရပ်ဆဲရေးစာချုပ် (NCA) လက်မှတ်မထိုးထားသေးတဲ့အဖွဲ့တွေ ပင်လုံညီလာခံမှာပါဝင်နိုင်ဖို့ကို နိုင်ငံရေးပါတီအစုဖွဲ့တွေရော ညီလာခံအကြိုပြင်ဆင်ရေးကော်မတီအနေနဲ့ပါ ညှိနှိုင်းနေတယ်လို့ အကြိုပြင်ဆင်ရေးကော်မတီရဲ့အတွင်းရေးမှူး ဦးလှမောင်ရွှေကပြောပါတယ်။

UNFC / DPN ( ၇ )ဖွဲ့မှ အဖွဲ့ဝင်များလည်း အဆိုပါဆွေးနွေးပွဲကို တက်ရောက်မယ်လို့သိရပါတယ်။ နာဂတိုင်းရင်းသားအဖွဲ့အပြင် ကျန်သုံးဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) တို့ကတော့ ၂၁ရာစု ပင်လုံညီလာခံမှာပါဝင်ဖို့ကိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဦးလှမောင်ရွှေကပြောပါတယ်။

“ UNFC ခေါင်းဆောင်တွေအားလုံးက သူတို့ဟာဘယ်တော့အခါမှ လက်မှတ်ရေးမထိုးဘူးလို့မပြောပါဘူး။ လက်မှတ်ရေးထိုးဖို့အာသီသရှိတယ်လို့ပဲအမြဲပြောပါတယ်။ ညှိနှိုင်းမှုတစ်ချို့ကိုလုပ်ပြီးရင်လည်း သူတို့ဟာလက်မှတ်ရေးထိုးမယ်ဆိုတာကိုလည်း ကျွန်တော်တို့ ချင်းမိုင်အစည်းဝေးမှာလည်းပြောတယ်။ အခု သြဂုတ်လ ၅ရက်နေ့အလွတ်သဘောဆွေးနွေးပွဲမှာလည်းသူတို့ပြောထားတာဖြစ်တဲ့အတွက် မနက်ဖြန်နဲ့ သဘက်ခါနှစ်ရက်ညှိနှိုင်းမှုတွေကနေပြီးတော့ လက်မှတ်ရေးထိုးတဲ့အဆင့်ကိုရောက်သွားနိုင်တယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ် “ဟု ဦးလှမောင်ရွှေကပြောပါတယ်။

ပင်လုံညီလာခံကို ၀ နဲ့ မိုင်းလားအဖွဲ့ တတ်မယ်လို့နှုတ်အားဖြင့် ဂတိပေးထားတယ်လို့သိရပါတယ်။ လက်ရှိမှာ AA,TNLA,MNDAA တို့ကို တပ်မတော်ဘက်က လက်နက်စွန့်မှသာ ငြိမ်းချမ်းရေးတွင် ပါဝင်နိုင်မည်ဟုပြောသောကြောင့် သဘောထားကွဲလွဲနေသေးပေမယ့် ကျန်နေသေးတဲ့အချိန် ၂၀ လောက်အတွင်းမှာအားလုံးပါဝင်လာဖို့ကိုလည်းမျှော်လင့်တယ်လို့ တအောင်း(ပလောင်) အမျိုးသားပါတီကိုယ်စား ယနေ့အစည်းဝေးကိုလာတတ်တဲ့ ဦးတာလှဖေက မဇ္ဈိမကိုပြောပါတယ်။

“ ကိုယ့်အမျိုးသားရေးတွေအတွက် ကိုယ့်ဒေသအတွက် ငဲ့ကွက်မယ်ဆိုရင်တော့ ဒီ …. ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အကုန်လုံးပါဝင်လာလိမ့်မယ်လို့မျှော်လင့်ရပါတယ်“ လို့ ဦးတာလှဖေကပြောပါတယ်။
၁၂ ရက်နေ့မှာတော့ NCA အပစ်ရပ်စာချုပ် လက်မှတ် ထိုးတဲ့အဖွဲ့တွေနဲ့ရော လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေနဲ့ပါ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့က ခေါင်းဆောင် ၁၆ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သြဂုတ်လ ၁၂ရက်နေ့မှာတော့ အစိုးရ၊ လွှတ်တော် တပ်မတော်ဘက်မှ ၂၀ဦး၊ (NCA) လက်မှတ်ရေးထိုးထားတဲ့ကိုယ်စားလှယ် ၁၆ဦးနဲ့ (NCA) လက်မှတ်မထိုးရသေးတဲ့ UNFC ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ် ၈ဦးတတ်ရောက်နွေးနွေးမှာဖြစ်ပြီး ရလဒ်တွေကို သြဂုတ်လ ၁၅ ရက်နေ့ ပြုလုပ်မယ့် "ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ" အစည်းအဝေးမှာ တင်ပြသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags