ဆရာ/မများ ပီတိစားတာ လက်တွေ့မကျ၊ ထမင်းစားနိုင်ဖို့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဆရာ/မများ ပီတိစားတာ လက်တွေ့မကျ၊ ထမင်းစားနိုင်ဖို့ ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်။ ။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ဆရာ၊ ဆရာမများ၏ ဘဝရပ်တည်ရေးအတွက် ၎င်းတို့၏ အခက်အခဲကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“လစာများတာ၊ နည်းတာဆိုတာ စကားပြောပါတယ်။  ပီတိချည်းပဲစားလို့ လက်တွေ့တော့ မကျပါဘူး။ ထမင်းလည်းစားဖို့ လိုပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲတွေကို ပညာရေးစနစ်ကို ပြောင်းလဲတဲ့နေရာမှာ ထည့်ြ့ပီးတော့တွက်ဖို့ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၂၀၁၆ခုနှစ်၊ ဩဂုတ် ၄ရက်က နေပြည်တော်တွင် ပြုလုပ်သော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(ဆရာအတတ်ပညာကဏ္ဍ)တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုတွေ အရေးတကြီးပြောင်းလဲရမည့် ကဏ္ဍအချို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်းပြောသည်။

“ပြုပြင်ပြောင်းလဲစရာတွေကတော့ အများကြီးပါပဲ။ ကျွန်မတို့ရဲ့ စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲရမယ်။ သင်ယူမှုစနစ်ကို ပြုပြင်ပြောင်းလဲရမယ်။ ပညာရေးအတွက်သုံးတဲ့ငွေတွေကို ပိုမိုပြီးများလာအောင်လို့ ကျွန်မတို့ လုပ်ရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် အလွတ်ကျက်ပညာရေးစနစ်အစား ဆင်ခြင်၊ စဉ်းစား၊ သုံးသပ်နိုင်စွမ်းအပေါ် အခြေခံသည့် ပညာရေးစနစ်တစ်ခုဖြစ်လာစေရန် ကြိုးစားနေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီး၏ ပြောဆိုချက်အရ နိုင်ငံအဝှမ်းတွင် ဆရာ၊ ဆရာမများကို မွေးထုတ်ပေးနေသော  ပညာရေးကောလိပ် စုစုပေါင်း ၂၂ခုရှိပြီး စစ်ကိုင်းတိုင်း၊ ကသာမြို့နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့တို့တွင်လည်း ပညာရေးကောလိပ်များ ထပ်မံတိုးချဲ့သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၄၅၄၆၁ကျောင်းရှိပြီး အခြေခံပညာ ဆရာ၊ ဆရာမဦးရေမှာ ၃၇၀၅၈၅ဦးရှိသည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly