ISIS တို့ အန္တရာယ်ပြု ပစ်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီးနောက် လုံခြံုရေး တင်းကြပ်တော့မည်

ISIS တို့ အန္တရာယ်ပြု ပစ်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပြီးနောက် လုံခြံုရေး တင်းကြပ်တော့မည်
(၆၉)နှစ်မြောက်၊ အာဇာနည်နေ့တွင် အနီးကပ်လုံခြုံရေးများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ- Soe Win Facebook မှ)
 

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့၏ အန္တရယ်ပြုမည့် ပစ်မှတ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ၊ သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်နေသည်ဟူသည့် သတင်းများအရ ပိုမိုတင်းကြပ်သော လုံခြုံရေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မလေးရှားနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ ISIS တို့၏ အန္တရယ်ပြုမည့် ပစ်မှတ်တွင် ထည့်သွင်းထားကြောင်း ရေးသားထားသည့်စာအား မလေးရှားနိုင်ငံ Negri Sembilan ရဲစခန်းက ရရှိထားသည်ဟု စင်္ကာပူအခြေစိုက် Straits Times သတင်းစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

“အကြမ်းဖက်ခြိမ်းခြောက်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ၊ အချက်အလက်တွေ ရပြီဆိုရင် ကျွန်တော်တို့နိုင်ငံတွေအနေနဲ့ လျှော့တွက်လို့မရဘူး။ အများကြီးလည်း စိုးရိမ်စရာမလိုဘူး။ ဒါကိုတော့ အလေးအနက်ထားပြီး ဆောင်ရွက်ဖို့လိုတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာတစ်ဝှမ်းမှာဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဆိုရင် သူတို့ရဲ့ Messageတွေဘာတွေ ကြိုပြီးပေးလေ့ပေးထရှိတယ်” ဟု ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက မလေးရှားအစိုးရနှင့်ပူးပေါင်းကာ အကြမ်းဖက်နှိမ်နှင်းရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးကိစ္စရပ်များ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

“သတင်းအချက်အလက်တွေရထားရင် Alert အဆင့်ပေါ့နော်။ အဲ့ဒီအဆင့်နဲ့ ကျွန်တော်တို့က လုပ်ရမယ်။ ဆိုလိုတာက လျှော့တွက်လို့လည်းမရဘူး။ စိုးရိမ်စရာလည်း မလိုဘူး။ ပိုပြီးတော့ အလေးထားပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတရုံးလုံခြုံရေး အရာရှိချုပ်ဖြစ်သူ ရဲမှူးချုပ်ဝင်းနိုင်ထွန်းကလည်း “လုံခြုံရေးကတော့ ကျွန်တော်တို့ အရင်ကတည်းက လုပ်ထားပြီးသားတွေပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

အရေးကြီးပုဂ္ဂိုလ် နိုင်ငံခေါင်းဆောင်များအား လုံခြုံရေးဆောင်ရွက်ရာတွင် အနီးကပ်လုံခြုံရေးအပြင် အတွင်းစည်း၊ အပြင်စည်းနှင့် လမ်းကြောင်းလုံခြုံရေးများဖြင့် ဆောင်ရွက်ရကြောင်း၊ ယခုကဲ့သို့ ခြိမ်းခြောက်ခံရသည့် သတင်းအချက်အလက်များ ရရှိသည့်အခါ လုံခြုံရေးကို ပိုမိုတင်းကြပ်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

“သတင်းရပြီဆိုရင် ကျွန်တော်တို့က လျှော့တွက်လို့မရဘူး။ အများကြီးလည်း ကြောက်စရာမလိုဘူး။ အလေးထားပြီးတော့ လုပ်ရမှာပေါ့။ ပိုပြီးတော့ သတိထားရတာပေါ့။ ပိုပြီးတော့လည်း လုံခြုံရေးတင်းကြပ်ရမှာပေါ့” ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးအင်အား အပြည့်အဝယူပေးထားသည်ဟုလည်း နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က မေလ ၁၂ရက်တွင် ပြောကြားထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly