အပြုသဘောဆောင်ပြီး ဆွေးနွေးကြရန် အမတ်များကို လွှတ်တော်နာယကပြော၊ အမျိုးသားအကျိုးစီးပွားနှင့်မကိုက်ညီပါက အတိုက်အခံလုပ်မည်ဟု USDPဆို

အပြုသဘောဆောင်ပြီး ဆွေးနွေးကြရန် အမတ်များကို လွှတ်တော်နာယကပြော၊ အမျိုးသားအကျိုးစီးပွားနှင့်မကိုက်ညီပါက အတိုက်အခံလုပ်မည်ဟု USDPဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ လွှတ်တော်အမတ်များအနေဖြင့် ရိုးသား၊ ပွင့်လင်းစွာဖြင့် အပြုသဘောဆောင်ဆွေးနွေးကြရန် ဥပဒေပြုရေးမဏ္ဍိုင်တွင် အခရာကျသော ပြည်ထောင်စုလွှတ်တော်၏ နာယကဖြစ်သူ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် ဇူလိုင် ၂၅ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

"နိုင်ငံသားပြည်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းနိုင်မယ့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်း တာဝန်တွေကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးပြီး ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြပါ" ဟု မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကားပြောကြားစဉ် လွှတ်တော်အမတ်များအား တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အတိုက်အခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီသော လုပ်ဆောင်ချက်အားလုံးကို ထောက်ခံအားပေးသွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိပါက အတိုက်အခံအနေဖြင့် ရပ်တည်သွားမည်ဟု USDPမှ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးလှဌေးဝင်းက မဇ္ဈိမကို ပြောသည်။

ယခုကျင်းပသည့် ဒုတိယပုံမှန်အစည်းအဝေးတွင်မူ ပြည်ထောင်စုအစိုးရက လွှတ်တော်သို့တင်သွင်းလာသော ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား အတည်ပြုနိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်ကြရန်လည်း မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားခဲ့သည်။

"ပြန်လည်စိစစ်ပြီး အတည်ပြုပြဌာန်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြရမှာဖြစ်ပါတယ်" ဟု မန်းဝင်းခိုင်သန်းက ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ရည်ညွှန်းပြီး ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက နည်းတူ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း လွှတ်တော်အစည်းအဝေးတွင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ အခက်အခဲ၊ အကြပ်အတည်းနှင့် ပြဿနာများကို မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများအဖြစ် ပြောင်းလဲပြီး လွှတ်တော်တွင် တင်သွင်းဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်သည်ကို နားလည်သော်လည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းမှန်၊ လမ်းမှန်ဖြစ်စေရန် အထူးအရေးကြီးသည်ဟု တိုက်တွန်းပြောဆိုခဲ့သေးသည်။

ဒုတိယအကြိမ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေးများကို ဧပြီလ ၁၀ရက်တွင် စတင်ရပ်နားထားခြင်းဖြစ်ပြီး ဒုတိယပုံမှန်အစည်းအဝေးများကို ယနေ့ ဇူလိုင် ၂၅ရက်ကစပြီး နေပြည်တော်လွှတ်တော်ရှိ သက်ဆိုင်ရာလွှတ်တော်အဆောက်အဦများတွင် စတင်ကျင်းပလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly