မဘသ ကြေငြာချက်အပေါ် တုံ့ပြန်မည်မဟုတ်၊ ပန်းနဲ့ပေါက်သလို သဘောထားဟု ဦးဝင်းထိန်ပြော

မဘသ ကြေငြာချက်အပေါ် တုံ့ပြန်မည်မဟုတ်၊ ပန်းနဲ့ပေါက်သလို သဘောထားဟု ဦးဝင်းထိန်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသ(အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့)မလိုအပ်တော့ဟု ပြောဆိုချက်အပေါ် ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်ဖြေရှင်းပေးရန် မဘသ ၏ ကြေငြာချက်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်သွားမည်မဟုတ်ဟု NLD၏ CECတစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားလိုက်သည်။

"ကိုယ်ကတော့ ကိုဖြိုးမင်းသိန်းကို ပြောလိုက်ပါတယ်။ ကြီးသောအမှု ငယ်၊ ငယ်သောအမှုပပျောက်အောင် ခေါင်းထဲထည့်မနေနဲ့လို့၊ ကိုယ်တို့က ၂၇နှစ်တိတိ အနှိပ်ကွပ်ခံရ၊ ဝေဖန်ခံရ၊ စစ်အစိုးရရဲ့ ဖိနှိပ်ခံရတာထက်စာရင် အခုက ပန်းနဲ့ပေါက်တယ်လို့ ယူဆတယ်။ ဘာမှလည်း ပြန်လုပ်မှာ မဟုတ်ဘူး။ ဘာမှလည်း ပြောမှာ မဟုတ်ဘူး" ဟု ဦးဝင်းထိန်က ဇူလိုင်လ ၈ရက်၊ ညနေ ၄နာရီတွင် ပြောသည်။

ဦးဖြိုးမင်းသိန်းသည် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ဦးဝင်းထိန်နေထိုင်ရာ အခန်းသို့ ယနေ့ မွန်းလွှဲပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ရာ တွေ့ဆုံမှုအပြီးတွင် ဦးဝင်းထိန်က အထက်ပါအတိုင်း မဇ္ဈိမအပါအဝင် သတင်းထောက်အချို့၏ မေးမြန်းမှုကို ပြောကြားခဲ့ခြင်းဖြစ်သည်။

မဘသ မလိုအပ်တော့ဟု ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အပေါ် အစိုးရအနေဖြင့် ဇူလိုင်လ ၁၄ရက်နေ့ နောက်ဆုံးထားပြီး ဖြေရှင်းပေးရန် မဘသ(ဗဟို)က ဇူလိုင်လ ၇ရက် အရေးပေါ်အစည်းအဝေးအပြီးတွင် ကြေငြာချက်ထုတ်ပြန်ထားပြီး ဖြေရှင်းပေးခြင်းမရှိပါက ကန့်ကွက်ဆန္ဒပြမှုများ လုပ်ဆောင်သွားမည်ဟု မဘသ၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက မိန့်ကြားထားသည်။

ဦးဖြိုးမင်းသိန်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စင်္ကာပူနိုင်ငံခရီးစဉ်တွင် မဘသ မလိုအပ်တော့ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်မှအပြန် ဇူလိုင် ၆ရက်နေ့၊ ညနေပိုင်းက ရန်ကုန်လေဆိပ်တွင်လည်း ''မဘသ မလိုအပ်တော့ဘူး'' ဟု သတင်းထောက်များကို ပြောဆိုထားသည်။

ဝန်ကြီးချုပ်၏ ပြောဆိုမှုနှင့်ပတ်သက်၍ မဘသဦးဆောင်ဆရာတော်များက ဇူလိုင်လ ၇ ရက် နေ့လည်ပိုင်းတွင် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်၌ အရေးပေါ်အစည်းဝေးတစ်ရပ်ပြုလုပ်ကာ ဇူလိုင် ၁၄ရက်တွင် နောက်ဆုံးထားပြီး အစိုးရက ဖြေရှင်းပေးရန် ကြေငြာချက်ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အဆိုပါ ကြေငြာချက်တွင် မဘသအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)၏ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly