ရှုပ်ထွေးနေသည့် ဓာတ်ကြိုးများရှင်းလင်းရန် ဘတ်ဂျက်မရှိဟုဆို

ရှုပ်ထွေးနေသည့် ဓာတ်ကြိုးများရှင်းလင်းရန် ဘတ်ဂျက်မရှိဟုဆို
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ ရန်ကုန်တိုင်းအတွင်း သွယ်တန်းထားသည့် ဓာတ်ကြိုး(Serviceကြိုး)များ ဟောင်းနွမ်းဆွေးမြေ့နေခြင်းနှင့် ရှုပ်ထွေးနေခြင်းတို့အပေါ် ဖြေရှင်းဆောင်ရွက်ရန် ငွေကြေးအခက်အခက်ရှိသောကြောင့် သတ်မှတ်နေရာအားလုံးအတွက် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊၏ အထွေထွေမန်နေဂျာ ဦးသန့်ဇင်က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ဇူလိုင်လ ၇ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ဘာအခက်အခဲလည်းဆိုတော့ ရံပုံငွေအခက်အခဲရှိတာ ဖြစ်ပါတယ်။ အများပြည်သူကနေပြီးတော့ ပစ္စည်းစိုက်ထုတ်ပြီး ဝယ်ပေးမယ်ဆိုရင် ကျွန်တော်တို့ဘက်က နည်းပညာပိုင်းဆိုင်ရာအရရော၊ လုပ်အားအရရော ဝိုင်းကူပြီးလုပ်ပေးမှာဖြစ်ပါတယ်" ဟု ဦးသန့်ဇင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရှုပ်ထွေးနေသည့်ဓာတ်ကြိုးများအား ရှင်းလင်းရမည့်နေရာ စုစုပေါင်း ၃၇၉နေရာရှိသည့်အနက် နေရာပေါင်း ၄၀တွင်သာ ရှင်းလင်းပြီးစီးသေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဇူလိုင်လ ၇ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် "အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ဆားဗစ်ကြိုးရှင်းလင်းရမည့်နေရာ ၁၃၅နေရာအနက်မှ ၃နေရာ၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၅၆နေရာအနက်မှ ၁၅နေရာ၊ တောင်ပိုင်းခရိုင်အတွင်း ဒလမြို့နယ်တွင် ၃၄နေရာအနက်မှ ၁၄နေရာနှင့် မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တွင် ၁၅၄လမ်းအနက်မှ ၈လမ်းတို့ကို ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသည်" ဟု ပါရှိသည်။

"ကျွန်တော်တို့ရဲ့ ဘတ်ဂျက်လျာထားချက်ထဲမှာ မပါတာကြောင့်မို့လို့ နမူနာပြအနေနဲ့လုပ်တယ်။ လုပ်ပြီးတော့ သက်ဆိုင်ရာမြို့နယ်တွေ၊ ရပ်ကွက်တွေကို စည်းရုံးရေးဆင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့က ဘတ်ဂျက်လျာထားခြင်းမရှိပါဘူး"

"သက်ဆိုင်ရာ ကာယကံရှင် တိုက်ခန်းများကနေပြီးတော့ အကုန်ကျခံပြီးတော့ လုပ်နိုင်ရင် လုပ်ကြပါ။ မလုပ်နိုင်သေးရင်တော့ ကျွန်တော်တို့က လုပ်တာကတော့ လုပ်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဏ္ဍာငွေလျာထားချက်ရှိမှ လုပ်လို့ရမယ်" ဟု ဦးသန့်ဇင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်း သွယ်တန်းထားသည့် ဓာတ်ကြိုး(Serviceကြိုး)များ ဟောင်းနွမ်းဆွေးမြေ့နေခြင်းနှင့် ရှုပ်ထွေးနေခြင်းတို့ကြောင့် ဓာတ်ကြိုးများပြတ်ကျကာ လူသေဆုံးမှုဖြစ်စဉ်အချို့ ရှိခဲ့သည်။

အဆိုပါ ပြဿနာများကို ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်းများဖြင့် စနစ်တကျပြုပြင်သင့်သည်ဟု ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း ၂၀၁၄ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီအမတ်တစ်ဦးက ရန်ကုန်တိုင်းလွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့ဖူးသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဇူလိုင် ၇ရက် ထုတ်ပြန်ချက်ထဲတွင် "ရန်ကုန်တိုင်းတွင် တပ်ဆင်ရန်လျာထားခဲ့သည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁၅၀လုံးစလုံး ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့တွင် တပ်ဆင်ပြီးစီးပါမည်" ဟု ဖော်ပြထားသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags