၂၁ရာစု ပင်လုံညီလာခံအတွက် အရေးကြီး မူဝါဒများ ဒေါ်အောင်ဆန်းစုကြည် ချမှတ်

၂၁ရာစု ပင်လုံညီလာခံအတွက် အရေးကြီး မူဝါဒများ ဒေါ်အောင်ဆန်းစုကြည် ချမှတ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၅ရက်)။ ။ လာမည့် ဩဂုတ်လကုန်မတိုင်မီ ကျင်းပဖွယ်ရှိသည့် ၂၁ရာစု ပင်လုံညီလာခံ(ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)ကျင်းပနိုင်ရေးအတွက် အရေးကြီးသည့်  မူဝါဒများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်လိုက်သည်ဟု အစည်းအဝေးတက်ရောက်သူများက ပြောသည်။

နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဇူလိုင် ၅ရက်က ကျင်းပပြုလုပ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က မူဝါဒများ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ချမှတ်လိုက်သည့် မူဝါဒများမှာ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အနည်းဆုံး တစ်ခုတွင်ပင် အနိုင်ရရှိခြင်းမရှိသည့် နိုင်ငံရေးပါတီများ ညီလာခံတွင် ပါဝင်ခွင့်ရရေးအတွက် တတ်နိုင်သည့်နည်းလမ်းဖြင့် ဖြေလျှော့ပေးရန်၊ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ညီလာခံတက်ရောက်မည်ဆိုပါက ရရှိမည့်အခွင့်အရေးကို နည်းလမ်းရှာရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရံပုံငွေများအား NRPC ကသာ ကိုင်တွယ်သွားမည်ဟူသည့် မူဝါဒများ ချမှတ်ခဲ့ကြောင်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင် ဦးဇော်ဌေးက အစည်းအဝေးအပြီးတွင် ပြောသည်။

"အဓိက ဦးတည်တာကတော့ ပင်လုံညီလာခံကို ဘယ်မူဝါဒနဲ့ သွားမယ်ဆိုတာက မူဝါဒဆုံးဖြတ်တဲ့ အစည်းအဝေး ဖြစ်ပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

"မူဝါဒကတော့ နံပါတ်တစ်မူဝါဒက အရေးကြီးပါတယ်။ အရေးကြီးတာက ဘာလည်းဆိုတော့ NCA မထိုးသေးတဲ့အဖွဲ့တွေ ပင်လုံညီလာခံမှာတက်ရင် ဘာအခွင့်အရေးရမလဲပေါ့နော်။ ဒါကို သူက မူပေးသွားတယ်။ အဲ့ဒါကို အတိအကျတော့ ပြောလို့မရသေးဘူး" ဟု ဦးဇော်ဌေးက ဆိုသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် အရေးကြီးသည့် မူဝါဒများ ချမှတ်နိုင်ခဲ့သည်ဟုလည်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်က အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောဆိုခဲ့သေးသည်။

ထို့ပြင် ပြီးခဲ့သည့် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည့် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန(MPC)နေရာတွင် ပြန်လည်ဖွဲ့စည်းမည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre-NRPC) ကိုမူ ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်သွားမည်ဖြစ်သည်။

"NRPCရဲ့ သဘောက ငြိမ်းချမ်းရေးတစ်ခုထဲတင်မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ ကျန်တဲ့ ပြန်လည်သင့်မြတ်ရေးဆောင်ရွက်ချက်တွေ ဥပမာ ရခိုင်ကိစ္စလိုဟာမျိုးတွေကို ဒီစင်တာက ကိုယ်တွယ်သွားမယ်" ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါ NRPC အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် နိုင်ငံတစ်ကာ အကူညီ၊ အထောက်အပံ့များကို ကိုင်တွယ်သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly