"မလုပ်၊ မရှုပ်၊ မပြုတ်" ဆိုတဲ့ခေတ် ကုန်သွားပြီလို့ ဝန်ကြီး ဒေါက်တာအောင်သူပြော

"မလုပ်၊ မရှုပ်၊ မပြုတ်" ဆိုတဲ့ခေတ် ကုန်သွားပြီလို့ ဝန်ကြီး ဒေါက်တာအောင်သူပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ ယခင်က အကျင့်ဆိုးများကို ပြုပြင်ပြီး ကိုယ်ပိုင်အရည်အချင်းကို အလုပ်အပေါ်တွင် အသုံးချကာ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ရမည့်အချိန် ရောက်ပါပြီဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားလိုက်သည်။

ဇူလိုင်လ ၄ရက်က နေပြည်တော်ရှိ သမဝါယမဦးစီးဌာနရုံးတွင်ပြုလုပ်သော ၂၀၁၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားတွင် ဒေါက်တာအောင်သူက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"အကျင့်ဟောင်း၊ အကျင့်ဆိုး၊ အကျင့်ဆွေးတွေကို ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ 'မလုပ်၊ မရှုပ်၊ မပြုတ်' ဆိုတဲ့ခေတ်လည်း ကုန်သွားပါပြီ။ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရမယ့် အချိန်ရောက်နေပါပြီ။ ဒါကြောင့် မိမိတို့ရဲ့ အရည်အချင်း၊ စွမ်းရည်တွေကို မိမိတို့ရဲ့ အလုပ်အပေါ်မှာ အသုံးချပါ" ဟု ဒေါက်တာအောင်သူက အခမ်းအနားတွင် ပြောသည်။

ပြီးခဲ့သည့် အစိုးရအဆက်ဆက်တွင် အရိုးစွဲလာကြသော ဝန်ထမ်းအချို့၏ "အလုပ်မလုပ်တော့ ဘာပြဿနာမှ မရှုပ်တော့ဘူး။ ဘာပြဿနာမှ မရှုပ်တော့ အလုပ်မပြုတ်တော့ဘူး" ဟူသည့် ခံယူချက်အပေါ် ရည်ညွှန်းကာ ဝန်ကြီး ဒေါက်တာအောင်သူက ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ပွင့်လင်းမြင်သာမှုရှိစွာ အလုပ်လုပ်မှသာ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရရှိလာမည်ဖြစ်ကြောင်းလည်း ဒေါက်တာအောင်သူက သမဝါယမအမှုဆောင်များနှင့် ဝန်ထမ်းများကို ညွှန်ကြားခဲ့သေးသည်။

"အတိတ်ကဖြစ်ခဲ့တဲ့ သမဝါယမအပေါ် အမြင်မကြည်မှုတွေကို ကျော်လွှားပြီး ပြည်သူများရဲ့ ယုံကြည်မှုရရှိအောင် လက်ရှိဆောင်ရွက်နေမှုများကို အရှိန်အဟုန် ပြင်းပြင်းဖြင့် ကြိုးပမ်းကြဖို့လိုပါတယ်" ဟု ဒေါက်တာအောင်သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း (၆၀၀၀၀)ကျော်ရှိသည့်အနက် လက်ရှိတွင် ကျေးရွာပေါင်း (၄၂၀၀၀)ကျော်တွင် သမဝါယမအသင်းများ အသီးသီးဖွဲ့စည်းထားကာ အသေးစားချေးငွေများကို ထုတ်ချေးလျက်ရှိသည်။

"သမဝါယမ အသေးစားချေးငွေဟာ စဉ်ဆက်မပြတ် ထုတ်ချေးပေးနေမှာဖြစ်လို့ အသင်းသားများအတွက် လိုအပ်တဲ့ ရင်းနှီးငွေကိုလည်း အချိန်မီ ရရှိကြမှာ ဖြစ်ပါတယ်။ ချေးငွေကို အမှန်တစ်ကယ် လုပ်ငန်းတွေမှာ သုံးစွဲသွားဖို့လည်း အရေးကြီးပါတယ်" ဟု ဒေါက်တာအောင်သူက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly