နေပြည်တော် မ.ထ.သ(အဝေးပြေး)ကော်မတီ ပြန်လည်ရွေးချယ်၊ လူဟောင်းများသာ အနိုင်ရ

နေပြည်တော် မ.ထ.သ(အဝေးပြေး)ကော်မတီ ပြန်လည်ရွေးချယ်၊ လူဟောင်းများသာ အနိုင်ရ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇွန်လ ၂၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဝေးပြေး မော်တော်ယာဉ်လိုင်းများအား ကြီးကြပ်ရသည့် နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဇွန်လ ၂၃ရက်တွင် ပြန်လည်ရွေးချယ်လိုက်သည်။

သုံးနှစ်လျှင် တစ်ကြိမ် ရွေးချယ်ရသော အဆိုပါ ကော်မတီတွင် ကော်မတီဥက္ကဌ၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်ဟူသည့် သုံးဦးကို ရွေးချယ်တင်မြှောက်ရခြင်းဖြစ်ပြီး ယခုရွေးချယ်ပွဲတွင် လေးဦးက ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် လျှို့ဝှက်မဲစနစ်ဖြင့် ယာဉ်လိုင်းပိုင်ရှင်များက မဲပေးရွေးချယ်ကြခြင်း ဖြစ်သည်။

မဲရလဒ်အရ 'ထက်ဦး' ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးဝင်းဆွေက ကော်မတီဥက္ကဌ၊ 'ကြယ်စင်ဟိန်းမြတ်မိုး' ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးမြတ်မိုးက ကော်မတီအတွင်းရေးမှူးနှင့် 'ထက်ကောင်းကင်' ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးကိုကိုနိုင်က ကော်မတီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရသည်။

ရွေးချယ်ခံရသူများသည် ယခင်ကော်မတီသက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ရာထူးအတိုင်း ထပ်မံရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

မဲရလဒ် ၂၅မဲဖြင့် ကော်မတီရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် 'ပေါင်းလောင်း' ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ဦးခင်မောင်လေးကမူ "ရှေ့ဆက်ပြီးတော့ ခရီးသွားလုပ်ငန်း တိုးတက်အောင်၊ အောင်မြင်အောင်၊ ကောင်းမွန်အောင်ဆိုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ အခုကတော့ အများဆန္ဒနဲ့ ပွင့်လင်းမြင်သာစွာလုပ်တာဆိုတော့ ကျွန်တော့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

နေပြည်တော်တွင် အဝေးပြေးယာဉ်လိုင်းပေါင်း ၇၅လိုင်းရှိပြီး ကော်မတီရွေးချယ်ပွဲသို့ ယာဉ်လိုင်းပေါင်း ၆၇လိုင်းက လာရောက် မဲပေးခဲ့သည်ကို တွေ့ရသည်။ မဲပေးခဲ့သည့် ယာဉ်လိုင်း ၆၇လိုင်းအနက် ယာဉ်လိုင်း ၄လိုင်း၏ မဲလက်မှတ်များကို ပယ်မဲအဖြစ် ရွေးချယ်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ကော်မတီဥက္ကဌအဖြစ် ထပ်မံရွေးချယ်ခံရသည့် ဦးဝင်းဆွေသည် နေပြည်တော်တွင် မ.ထ.သ(အဝေးပြေး) စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၀၈ခုနှစ်ကတည်းက ယခုအချိန်ထိ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့သူ ဖြစ်သည်။

မဲရလဒ်များအနေဖြင့် ဦးဝင်းဆွေက ၅၉မဲ၊ ဦးမြတ်မိုးက ၅၉မဲ၊ ဦးကိုကိုနိုင်က ၄၆မဲနှင့် ဦးခင်မောင်လေးက ၂၅မဲ အသီးသီး ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags