ဆီဂါလံ ၈၀၀၀ကျော်တင်လာသော ယာဉ်တစ်စီး နေပြည်တော်တွင် တိမ်းမှောက်

ဆီဂါလံ ၈၀၀၀ကျော်တင်လာသော ယာဉ်တစ်စီး နေပြည်တော်တွင် တိမ်းမှောက်

နေပြည်တော်(ဇွန်လ ၁၆ရက်၊ ၂၀၁၆ခုနှစ်)။ ။ အောက်တိန်း(Octane)ဆီ ဂါလံပေါင်း ၈၇၀၀ခန့် တင်ဆောင်လာသော (၂၂)ဘီးတပ် JACအမျိုးအစား ယာဉ်တစ်စီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပျဉ်းမနားမြို့ရှောင်လမ်းတွင် အရှိန်မထိန်းနိုင်ဘဲ ဇွန်လ ၁၆ရက်၊ နေ့လည်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

"ဆီဘောက်ဆာကားက လမ်းအကွေ့မှာ အရှိန်နဲ့ ဆိုင်ကယ်ကို လှမ်းကျောက်လိုက်တာ၊ သူ့အရှိန်နဲ့သူ မထိန်းနိုင်ဘဲ စလစ်ဖြစ်ပြီး ပေတစ်ရာလောက်အထိ တရွတ်တိုက် မှောက်သွားတာ" ဟု တိမ်းမှောက်မှုကို မြင်တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း အသက်ဆုံးရှုံးခြင်းနှင့် မော်တော်ယာဉ် မီးလောင်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည့် ယာဉ်မောင်းအား နေပြည်တော် ကုတင် ၂၀၀ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူထားရသည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ ပျဉ်းမနားမြို့နယ်မှ မီးသတ်ကား(၅)စီး ရောက်ရှိလာပြီး တိမ်းမှောက်ခဲ့သည့် မော်တော်ယာဉ်မှ အောက်တိမ်းဆီများအား အခြားယာဉ်တစ်စီးပေါ်သို့ ပြောင်းရွှေ့ပေးခဲ့သည်။

"သယ်လာတဲ့ ဆီက အောက်တိန်းဆိုတော့ ပေါက်ကွဲအားက အရမ်းပြင်းတယ်လေ။ ဘာမှမဖြစ်တာ တော်တော် ကံကြီးလို့ပါပဲ" ဟု ယာဉ်တိမ်းမှောက်ရာနေရာသို့ ရောက်ရှိလာသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်သည် ဇွန်လ ၁၅ရက်က ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှ အောက်တိန်းဆီ ဂါလံ ၈၇၀၀ခန့် တင်ဆောင်လာကာ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ အောက်တိန်းဆီများပို့ဆောင်ရန် ထွက်ခွာလာစဉ် လမ်းခုလတ်တွင် တိမ်းမှောက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး အများပြည်သူပိုင်လမ်းပေါ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၂၇၉ဖြင့် ယာဉ်မောင်းအား ပျဉ်းမနားမြို့နယ်ရဲစခန်းက အမှုဖွင့်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly