အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းရေး အထူးအလေးထားရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းရေး အထူးအလေးထားရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၅ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံအဝှမ်းရှိ ပြည်သူများ စားသုံးနေကြသော အစားအသောက်များနှင့် သုံစွဲနေကြသော ဆေးဝါးများ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံးကို ညွှန်ကြားထားသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

"အစားအသောက်နဲ့ ဆေးဝါး ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ကြီးချုပ်တွေကို မှာထားတာ ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ကလေးငယ်တွေရဲ့ အစားအသောက်၊ မုန့်သရေစာတွေ လုံခြုံဘေးကင်းဖို့၊ နောက် မိသားစုလိုက်သုံးနေတဲ့ ဆေးဝါးတွေ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထားဖို့" ဟု ဦးဇော်ဌေးက ဇွန်လ ၁၅ရက်တွင် ပြောသည်။

အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းလုံခြုံရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် FDA၏ လုပ်ဆောင်ချက်များ တိုးချဲ့ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားခြင်းဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အရက်သေစာသောက်စားမှု ထိန်းချုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသေးသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

"အဲ့ဒါကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ရက်(၁၀၀)စီမံချက်ထဲမှာ လုပ်နေပါတယ်။ လုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးအဖွဲ့ရှိမယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိမယ်။ ရဲတပ်ဖွဲ့အောက်က မူးယစ်(ဗဟို)ရှိမယ်။ သူတို့ အထူးအလေးထားပြီးတော့ မူးယစ်ဆေးဝါးပပျောက်ရေးကို ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly