မီးဘေးသင့် ရန်ကုန်မင်္ဂလာဈေး အသစ်ပြန်ဆောက်ရန် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟုဆို

မီးဘေးသင့် ရန်ကုန်မင်္ဂလာဈေး အသစ်ပြန်ဆောက်ရန် အမြန်ဆုံး အကောင်အထည်ဖော်မည်ဟုဆို

နေပြည်တော်(ဇွန်လ ၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ယခုနှစ်စပိုင်းတွင် မီးဘေးသင့်ခဲ့သော ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်
မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေးအား အသစ်ပြန်လည်တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းလွှတ်တော်တွင်
ဆုံးဖြတ်ချက်ရယူပြီး အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

"မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ရန် ဈေးသူ၊ ဈေးသားများ၏ ဆန္ဒသဘောထားရရှိမှုကို ရန်ကုန်တိုင်းလွှတ်တော်မှတစ်ဆင့်
ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ ဆုံးဖြတ်ချက်ရယူပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်" ဟု
ဒေါက်တာဝင်းမြတ်အေးက ဇွန်လ ၉ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

မင်္ဂလာဈေး မီးလောင်ခဲ့သည်မှာ ခြောက်လခန့်ကြာမြှင့်နေပြီဖြစ်သော်လည်း မည်ကဲ့သို့ စီမံဆောက်ရွက်သွားမည်ကို
ရှင်းရှင်းလင်းလင်းမသိရသည့်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက
လွှတ်တော်တွင်မေးမြန်းမှုအပေါ် ဒေါက်တာဝင်းမြတ်အေးက ရန်ကုန်တိုင်းအစိုးရကိုယ်စား အထက်ပါအတိုင်း
ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"အခုအချိန်မှာ ဈေးသူ၊ ဈေးသားတွေဟာ သတ်မှတ်ထားတဲ့နေရာမှာ ဖွင့်လှစ်ရောင်းချရတာကြောင့် ရာသီဥတုအခက်အခဲများနဲ့
ရင်ဆိုင်နေရပါတယ်။ ဈေးဆိုင်များဟာလည်း လုံခြုံမှုမရှိတဲ့အတွက် ဖောက်ထွင်းခံနေရခြင်းနဲ့ ဈေးကိုမှီခိုနေရတဲ့
မိသားစုပေါင်းများစွာကလည်း အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်" ဟု ဒေါ်ဖြူဖြူသင်းက
လွှတ်တော်တွင် ပြောသည်။

မင်္ဂလာဈေးကို ၁၉၉၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၂နှစ်အကြာ ၂၀၁၀ခုနှစ်တွင် ပထမဆုံးအကြိမ်
မီးလောင်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပြုပြင်မွမ်းမံကာ ဈေးကို ပြန်လှစ်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ
၉ရက်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံမီးလောင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် မီးလောင်မှုတွင် တတိယထပ်မှ ခေါင်မိုးထပ်အထိ ဆိုင်ခန်းပေါင်း ၄၀၆၂ခန်းအနက် ၁၆၃၆ခန်းမှာ မီးလောင်ဆုံးရှုံးခဲ့ရသည်။

ယင်းနောက် မီးလောင်ဒဏ်ခံ မင်္ဂလာဈေးအဆောက်အဦ ခိုင်ခန့်မှု ရှိ၊ မရှိစစ်ဆေးရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့
တိုင်းအစိုးရက တာဝန်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ စစ်ဆေးချက်အရ အဆောက်အဦတစ်ခုလုံးအား အကုန်ဖြိုဖျက်၍ ပုံစံအသစ်ဖြင့်
စနစ်တကျပြန်လည်တည်ဆောက်ရန် သို့မဟုတ် ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်ဟူသည့် နည်းလမ်းနှစ်ခုအား
အင်ဂျင်နီယာအသင်းက အကြံပြုခဲ့သည်။

အဆိုပါ နည်းလမ်းနှစ်ခုအား ဈေးသူ၊ ဈေးသားများထံ အစိုးရက သဘောထားဆန္ဒရယူခဲ့ရာတွင် အသစ်ပြန်ဆောက်ရန်
ဆန္ဒပြုသူ ၅၆ဒဿမ ၅ရာခိုင်နှုန်း ရရှိခဲ့သည်။

ဈေးသူ၊ ဈေးသားများ၏ သဘောဆန္ဒရရှိမှုကို ရန်ကုန်တိုင်းလွှတ်တော်မှတစ်ဆင့် တိုင်းအစိုးရသို့ တင်ပြကာ
ဆုံးဖြတ်ချက်ရယူပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၊
ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly