နိုင်ငံ့ဝန်ထမ်းများအား အသက်(၆၅)နှစ်ထိ တာဝန်ထမ်းဆောင်ခွင့်ပြုရန် လွှတ်တော်တွင် မေးမြန်းမည်

နိုင်ငံ့ဝန်ထမ်းများအား အသက်(၆၅)နှစ်ထိ တာဝန်ထမ်းဆောင်ခွင့်ပြုရန် လွှတ်တော်တွင် မေးမြန်းမည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၈ရက်၊ ၂၀၁၆ခုနှစ်)။ ။ နိုင်ငံဝန်ထမ်းများ၏ သက်ပြည့်ပင်စင်ကို လက်ရှိသတ်မှတ်ထားသော အသက်(၆၀)နှစ်မဟုတ်ဘဲ အသက်(၆၅)နှစ်ထိ တိုးမြှင့်ပေးရန် လှိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ကျော်ဦးက ဇွန်လ ၈ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်း မေးမြန်းသွားမည် ဖြစ်သည်။

ဇွန်လ ၈ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ် လျာထားချက်တွင် "နိုင်ငံ့ဝန်ထမ်းများ သက်ပြည့်ပင်စင်ယူရမည့်အသက်ကို အသက်(၆၀)ပြည့်နှစ်တွင် ပင်စင်ယူရမည့်အစား (၅)နှစ် တိုးမြှင့်ပြီး အသက်(၆၅)နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ" အား ဦးအောင်ကျော်ကျော်ဦးက မေးမြန်းမည်ဟု ပါရှိသည်။

"ကျွန်တော့ မဲဆန္ဒနယ်ထဲက တက္ကသိုလ်က ဆရာမတွေဆိုရင် အသက်(၆၀)နဲ့ ပင်စင်ယူရတော့ တစ်ချို့ဆိုရင် နေစရာအိမ်မရှိဘူး။ အလုပ်လည်း လုပ်နိုင်ကြသေးတယ်။ ဒါကြောင့် မဲဆန္ဒရှင်တွေရဲ့ ဆန္ဒအရ သက်ပြည့်ပင်စင်ကို အခုထက် ၅နှစ်တိုးပေးဖို့ မေးမြန်းမှာပါ" ဟု ဦးအောင်ကျော်ကျော်ဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ-၂၃၀ တွင် "ဝန်ထမ်းတဦး အငြိမ်းစားယူရမည့် နေ့ရက်သည် အသက် ၆၀ ပြည့်သည့်နေ့ ဖြစ်သည်" ဟု ပြဌာန်းထားသလို နည်းဥပဒေ ပုဒ်မ-၂၃၃(က)တွင်လည်း "တည်ဆဲဥပဒေတရပ်ရပ်ပါ ပြဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတပါး အသက် ၆၀ ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်" ဟု အသီးသီး ပြဌာန်းထားသည်။

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့် ၇ မျိုးရှိသည့်အနက် သက်ပြည့်ပင်စင်ကို ကိုလိုနီလက်ထက်တွင် အသက် ၅၅ နှစ်ဟု သတ်မှတ်ထားခဲ့ပြီး လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းကာလတွင် အသက် ၆၀ သို့ ပြောင်းလဲ ပြဌာန်းခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags