မြန်မာနိုင်ငံသားများ စင်္ကာပူ ဗီဇာ လျှောက်ရန်မလိုတော့

မြန်မာနိုင်ငံသားများ စင်္ကာပူ ဗီဇာ လျှောက်ရန်မလိုတော့
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းအား သမ္မတဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေသည်ကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၇ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံသားများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်(Ordinary Passport)ရှိရုံဖြင့် ဗီဇာလျှောက်ထားစရာမလိုဘဲ တစ်လကြာ နေထိုင်ခွင့် ရရှိတော့မည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန်လ ၇ရက်၊ ညနေပိုင်းတွင် ပြောသည်။

အဆိုပါ ဗီဇာကင်းလွတ်ခွင့်သည် လာမည့် ဒီဇင်ဘာလအတွင်း စတင်အသက်ဝင်မည်ဖြစ်သည်။

"ရက်ပေါင်း ၃၀ ဗီဇာ Free နေခွင့်ရှိမယ်။ ရက် ၃၀ထက် ပိုနေချင်ရင်တော့ သူ့နိုင်ငံက သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ရမှာ ဖြစ်ပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံသားများအနေဖြင့်လည်း နေဖြင့် သာမန်နိုင်ငံကူးလက်မှတ်(Ordinary Passport)ရှိရုံဖြင့် ဗီဇာလျှောက်ထားစရာမလိုဘဲ တစ်လကြာ နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

 မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသော စင်္ကာပူနိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၇ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်
အဆိုပါ သဘောတူညီချက်အား ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်များအား  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စင်္ကာပူဝန်ကြီးချုပ်တို့ ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးတို့က လဲလှယ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိလာသည့် စင်္ကာပူဝန်ကြီးချုပ်နှင့် ဇနီးအား နေပြည်တော်ရှိ သမ္မတအိမ်တော်မြက်ခင်းပြင်တွင် သမ္မတဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

ယင်းနောက် စင်္ကာပူဝန်ကြီးချုပ်အား သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က သီးခြားစီ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံမှုတွင် မြန်မာ - စင်္ကာပူ နှစ်နိုင်ငံအကြား ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းလမ်းခရီး အစီအစဉ် ချောမွေ့စေရေးနှင့် နှစ်နိုင်ငံအကြားရှိ Double Taxation သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စင်္ကာပူဝန်ကြီးချုပ်သည် မြန်မာနိုင်ငံတွင် သုံးရက်ကြာနေထိုင်မည်ဖြစ်ပြီး ဇွန်လ ၈ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဦးမည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags