နေပြည်တော်(မေလ ၁၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ အစိုးရသစ်တက်လာပြီးနောက် ဖွဲ့စည်းထားသော ဝန်ကြီးဌာန(၂၂)ခုအနက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနတို့ကို အမည်ပြောင်းလဲ သတ်မှတ်မည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနကို "ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန" အဖြစ် လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို "တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီးဌာန" အဖြစ်လည်းကောင်း ပြောင်းလဲသတ်မှတ်မည်ဖြစ်ပြီး အမည်ပြောင်းလဲရသည့်အကြောင်းအရင်းကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက မေလ ၁၈ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လာရောက်ရှင်းလင်းမည် ဖြစ်သည်။
လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် မွန်းတိုင်ရင်းသား နိုင်သက်လွင်တို့က တာဝန်ယူထားသည်။
ဧပြီလဆန်းပိုင်းတွင် အစိုးရတာဝန်လွှဲပြောင်းရယူထားသော NLDဦးဆောင်သည့် အစိုးရသစ်သည် ဝန်ကြီးဌာနပေါင်း ၂၁ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာန" တစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းက ထပ်မံဖွဲ့စည်းခဲ့သည်။
မေလ ၁၈ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးဌာန ၂ခုအား အမည်ပြောင်းလဲသတ်မှတ်ခြင်းအပြင် ၂၀၁၆ - ၂၀၁၇ခုနှစ်၊ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ် ၅၀၀ဘီလီယံအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခွင့်ပြုရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်သို့ လာရောက်ရှင်းပြမည်လည်း ဖြစ်သည်။