NLDအမတ်အချို့ ရိုင်းစိုင်းတယ်လို့ တိုင်ကြားခံရ

NLDအမတ်အချို့ ရိုင်းစိုင်းတယ်လို့ တိုင်ကြားခံရ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ လွှတ်တော်အသီးသီးတွင် နေရာအများစုရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမတ်တစ်ချို့၏ အပြုအမှုများ ရိုင်းစိုင်းသလို ကျင့်ဝတ်နှင့်မညီဟုဆိုကာ တိုင်ကြားထားသည့် တိုင်စာပေါင်း ၁၇စောင်ခန့် လက်ခံရရှိထားသည်ဟု NLDအမတ်တို့၏ လုပ်ရပ်များကို မကျေနပ်ပါက တိုင်ကြားနိုင်ရန် ဖွဲ့စည်းထားသော လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနမှ တာဝန်ခံဖြစ်သူ ဒေါက်တာမျိုးညွှန့်က မေလ ၁၂ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

"တိုင်စာတွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူမှုရေးအပြုအမူတွေက နည်းနည်း ရိုင်းစိုင်းတယ်။ ပြည်သူကိုဆက်ဆံရာမှာ ကိုယ်စားလှယ်ရဲ့ကျင့်ဝတ်နဲ့မညီဘူးလို့ထင်လို့ တိုင်တာတွေလည်း ရှိတယ်" ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။

ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်တို့၏ လုပ်ရပ်များအား မကျေနပ်ပါက မဲဆန္ဒနယ်ရှင်ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၇၀ကျော်အကြာတွင် တိုင်စာပေါင်း ၁၇စောင်ဖြင့် တိုင်ကြားခံရခြင်းဖြစ်သည်။

တိုင်ကြားစာဌာနကို ဖေဖော်ဝါရီလ ၂၈ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုင်ကြားရေးဌာနတွင် ပါတီ၏ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမျိုးညွှန့်အား တာဝန်ခံအဖြစ် တာဝန်ပေးအပ်ထားခြင်းလည်း ဖြစ်သည်။ NLDလွှတ်တော်အမတ်များ မူးယစ်ရမ်းကားတာကအစ တိုင်ကြားနိုင်သည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မတ်လ ၁ရက်တွင် ပြောဆိုထားသည်။

ယခု လက်ခံရရှိထားသည့် တိုင်ကြားစာများကို စတင်စစ်ဆေးနေပြီဖြစ်ပြီး တိုင်ကြားသူများမှာ ပါတီဝင်များ ပါဝင်သလို သာမန်ပြည်သူတို့၏ တိုင်ကြားစာများလည်း ပါဝင်သည်ဟု ဒေါက်တာမျိုးညွှန့်က မဇ္ဈိမကို ပြောသည်။ သို့သော် တိုင်ကြားခံရသူများ၏ အမည်နှင့် မဲဆန္ဒနယ်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"တစ်ချို့တိုင်စာတွေကျတော့ ကိုယ်စားလှယ်လောင်းရွေးချယ်တုန်းက ကိစ္စတွေ တိုင်ကြားတယ်" ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

တိုင်ကြားစာပါ အချက်အလက်များအား အထောက်အထား ခိုင်လုံမှု ရှိ၊ မရှိ စစ်ဆေးပြီးပါက "ကိုယ်စားလှယ်ကို ရင်းနှီးမှုအရပဲ ခေါ်ယူသတိပေးသင့်ရင် ခေါ်ယူသတိပေးပါ့မယ်။
ပါတီစည်းကမ်းအရ ဆက်လက်အရေးယူဖို့လိုရင် အရေးယူမယ်။ ဒါမှမဟုတ် ဥပဒေကြောင်းအရ အရေးယူဖို့လိုတယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဆက်လက်တင်ပြရမှာ ဖြစ်ပါတယ်" ဟုလည်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

ယခုကဲ့သို့ တိုင်ကြားရေးဌာနကို ဖွဲ့စည်းလိုက်ခြင်းမှာ လွှတ်တော်အမတ်များအား ထိန်းကျောင်းရန် ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်မှ NLDအမတ်တစ်ဦးက မှတ်ချက်ပြုသည်။

NLDအမတ်တို့၏ လုပ်ရပ်များကို မကျေနပ်ဘဲ တိုင်ကြားလိုပါက လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်သို့ လိပ်မူကာ  တိုင်ကြားသူ၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်များ ထည့်သွင်းဖော်ပြပြီး လက်မှတ်ရေးထိုးကာ ပေးပို့ရမည် ဖြစ်သည်။

"တိုင်ရင်တော့ သူတို့ကို ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကို မဖြစ်မနေ ထည့်ပေးပါလို့၊ ဒါမှ သူတို့နဲ့ ချိတ်ဆက်ပြီးတော့ မေးမြန်းလို့ ရအောင်လို့ပါ" ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly