အဆင့်အတန်းမခွဲခြားဘဲ ပြည်သူတွေကိုဆက်ဆံဖို့ ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီဥက္ကဌ တိုက်တွန်း

အဆင့်အတန်းမခွဲခြားဘဲ ပြည်သူတွေကိုဆက်ဆံဖို့ ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီဥက္ကဌ တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်သူထုနှင့် ဆက်ဆံရာတွင် လူမျိုး/ဘာသာ၊ ကျား/မ၊ ဆင်းရဲ/ချမ်းသာ မခွဲခြားဘဲ လူ့အခွင့်အရေး စံချိန်စံညွှန်းများအတိုင်း ဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု ရရှိအောင် ဆောင်ရွက်ပေးကြပါဟု ရဲတပ်ဖွဲ့ဝင်များအား နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က တိုက်တွန်းလိုက်သည်။

"တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကိစ္စရပ်များ ဆောင်ရွက်ရာမှာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေရတယ်ဆိုတာကို အစဉ်သတိချပ်ဖို့ လိုပါတယ်" ဟု ဒေါက်တာမျိုးအောင်က ပြောသည်။

ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တွင် မေလ ၂၂ရက်က ကျင်းပပြုလုပ်သော နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ရက်(၁၀၀)စီမံချက် ရှင်းလင်းဆွေးနွေးပွဲတွင် ဒေါက်တာမျိုးအောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အပြစ်မဲ့ပြည်သူများကို တရားခံကဲ့သို့ သဘောထားပြီး မဆက်ဆံရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီလမ်းစဉ်နှင့်အညီ အမြန်ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟုလည်း ဒေါက်တာမျိုးအောင်က ပြောဆိုသည်။

"မကောင်းမှု ဒုစရိုက်သမားများကို ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဖမ်းဆီးအရေးယူရမှာဖြစ်သလို ရိုးသားဖြောင့်မတ်သူ ပြည်သူလူထုအများစုကြီးကိုတော့ ကိုယ့်မိဘဆွေမျိုးတွေလို သဘောထားပြီး တရားဥပဒေစိုးမိုးမှုအောက်မှာ အကာအကွယ်ပေးပြီး စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာမျိုးအောင်က ဆိုသည်။

ထု့ိပြင် ပြည်သူလူထုအား ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်ကို အောင်မြင်မှုရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါဟုလည်း ရဲတပ်ဖွဲ့ဝင်များအား ဒေါက်တာမျိုးအောင်က ဆွေးနွေးပွဲတွင် တိုက်တွန်းခဲ့သေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းကလည်း "တပ်ဖွဲ့ဝင်များအနေနဲ့ အခုပြောင်းသွားတဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ အစစအရာရာ သတိထားဆင်ခြင်ပြီးတော့မှ ယခင့်ယခင်က ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အားလုံးကို ပြည်ဖုံးကားချပြီးတော့ အခုသွားရမယ့်စနစ်အတိုင်းကို သတိထားဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း ကျွန်တော့အနေနဲ့ သတိပေးပြောကြားလိုပါတယ်" ဟု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly