ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြံုရေးအင်အား အပြည့်အဝချထားပေးဟုဆို

ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြံုရေးအင်အား အပြည့်အဝချထားပေးဟုဆို
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးအင်အား အပြည့်အဝယူပေးထားသည်ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်က မေလ ၁၂ရက်တွင် ပြောသည်။

“သူ့(ဒေါ်အောင်ဆန်းစုကြည်)ရဲ့အဆင့်နဲ့ လျော်ညီတဲ့ လုံခြုံရေးကို လက်ရှိပေးထားပြီး ဖြစ်ပါတယ်။ လုံခြုံရေးယာဉ်ရော၊ အနီးကပ်လုံခြုံရေးတွေရော၊ နေရာလုံခြုံရေးတွေရော ယူထားပြီး ဖြစ်ပါတယ်” ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ရန် ရဲမှူးချုပ် ဝင်းနိုင်ထွန်းအား နိုင်ငံတော်သမ္မတရုံးလုံခြုံရေး အရာရှိချုပ်အဖြစ် ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ရဲမှူးချုပ် ဝင်းနိုင်ထွန်းသည် တပ်မတော်ထောက်လှမ်းရေး၊ ဒုသတင်းတပ်ဖွဲ့မှူး၊ ရန်ကုန်သတင်းတပ်ဖွဲ့ SBနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ မတိုင်ခင်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အဓိကတာဝန်ယူပေးရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags