သိမ်းဆည်းခံ မြေယာတွေကို လူမှန်၊ နေရာမှန် ပြန်ပေးမယ်လို့ လယ်/ဆည် ဒုဝန်ကြီးပြော

သိမ်းဆည်းခံ မြေယာတွေကို လူမှန်၊ နေရာမှန် ပြန်ပေးမယ်လို့ လယ်/ဆည် ဒုဝန်ကြီးပြော
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား ၂၀၁၆ခုနှစ်၊ မေလ ၁၀ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၁၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြေယာသိမ်းဆည်းမှုသည် ပြည်သူ့စားနပ်ရိက္ခာကို သိမ်းဆည်းသည့်သဘောဖြစ်သောကြောင့် အစိုးရသက်တမ်း(၅)နှစ်အတွင်း သိမ်းဆည်းခံ မြေယာများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက မေလ ၁၀ရက်တွင် ပြောဆိုလိုက်သည်။

"မြေသိမ်းတယ်ဆိုတာက ပြည်သူတွေရဲ့ စားနပ်ရိက္ခာ အသိမ်းခံရတဲ့သဘော ဖြစ်နေတယ်။ ရေရှည်မှာဆိုရင် တိုးလာတဲ့လူဦးရေအတွက်က တိုင်းပြည်အတွက် အလွန်စိုးရိမ်ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီမြေယာတွေကို လူမှန်၊ နေရာမှန်၊ ဥစ္စာရင်းမှန်ကို ပြန်ပေးဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ဖို့ အဆင်သင့်ရှိတယ်" ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

သိမ်းဆည်းခံ မြေယာများအား မူလပိုင်ရှင်များထံ ပြန်ပေးရန်မှာ ဥပဒေကြောင်းအရ ဖြေရှင်းရမည်ဖြစ်သောကြောင့် ကြန့်ကြာမှုများရှိလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် နားလည်ပေးရန်လည်း ဒေါက်တာထွန်းဝင်းက မေတ္တာရပ်ခံသည်။

"ဒီကိစ္စက ရှုပ်ထွေးတဲ့ကိစ္စဖြစ်တယ်။ တော်တော်ကို ဖြေရှင်းရခက်တဲ့ကိစ္စဖြစ်တဲ့အတွက် ဒါကို ဥစ္စာရင်းမှန် ပြန်ရောက်ဖို့အတွက် ခိုင်မာတဲ့ဥပဒေရေးဆွဲပြီး လုပ်ဆောင်ဖို့ကို ရှေးရှုပြီး ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ဆိုသည်။

ယခင် စစ်အစိုးရလက်ထက်က သိမ်းဆည်းထားသော မြေယာပြဿနာများအား ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်အတွင်း ကိုင်တွယ်ဖြေရှင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးပြတ်ခဲ့ခြင်း မရှိခဲ့ပေ။

ယခု အရပ်သားအစိုးရသစ်လက်ထက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ရန်ဟုဆိုကာ "လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ" တစ်ရပ်ကို မေလ ၅ရက် ရက်စွဲဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။

အဆိုပါ ကော်မတီတွင် ဒုတိယသမ္မတ(၂)အား ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးက ဒုတိယဥက္ကဌနှင့် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်အားလုံးကိုလည်း ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ထားသည်ကို တွေ့ရသည်။

နိုင်ငံလူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်ရှိသော တောင်သူလယ်သမားများကိုလည်း လယ်/ဆည် ဒုဝန်ကြီးက အောက်ပါအတိုင်း သတင်းစကားပါးလိုက်သေးသည်။

"တောင်သူလယ်သမားတွေရဲ့ ဆင်းရဲမွဲတေမှုကနေ လုံးဝမြှင့်တက်လာအောင်၊ ဆင်းရဲမွဲတေမှုတွေ ပျောက်ပျက်သွားအောင် သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံတစ်ကာ ဈေးကွက်ကို ပို့ပြီးတော့ အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းတစ်ခုရောက်အောင် သေချာရေရာတဲ့ နိုင်ငံတစ်ကာ Standard တွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ခန့်ခန့်ညားညား ရောင်းဝယ်ရေးစနစ်နဲ့ ပြည်တွင်းကထုတ်လုပ်မှုတွေကို နိုင်ငံတစ်ကာ ပို့နိုင်ပြီးတော့ ထုတ်ကုန် နှစ်ဆ၊ သုံးဆထုတ်နိုင်ပြီး တောင်သူတွေရဲ့ဘဝ နှစ်ဆ၊ သုံးဆမြှင့်လာအောင် ဆောင်ရွက်သွားဖို့က ဆရာတို့အားလုံးရဲ့ ဆန္ဒပါ" ဟု ဒေါက်တာထွန်းဝင်းက ပြောသည်။

ထို့ပြင် တောင်သူလယ်သမားများအတွက် အကျိုးမရှိသည့် ပုလဲသွယ်ကဲ့သို့သော စပ်မျိုးစပါးများကိုလည်း လယ်သမားများအား စိုက်ပျိုးရန် တိုက်တွန်းမည်မဟုတ်ဟု ၎င်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags