AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော

AAလက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကို တိုက်ခိုက်နေခြင်းဖြစ်ဟု ကာကွယ်ရေးဝန်ကြီးပြော

နေပြည်တော် ၊ မေ ၄ ။            ။ AA လက်နက်ကိုင်အဖွဲ့သည် ဒီမိုကရေစီစနစ်ကိုဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်ပြီးလက်ရှိသမ္မတဦးထင်ကျော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ကိုဦစားဆောင်ရွက်နေသည်သိရှိလျက်ဖြင့် နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် သည့်ကိစ္စဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက လွှတ်တော်တွင်ပြောသည်။

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်တင်သွင်းခဲ့သည့် တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအားတိုက်တွန်း သည့်အရေးကြီး အဆိုအပေါ် မေ ၄ ရက်နေ့ကကျင်းပသည့် လွှတ်တော်တွင် လာရောက်ရှင်းလင်းရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်နည်းအားဖြင့်ပြောရလျှင် AA လက်နက်ကိုင်အဖွဲ့ဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ် ဒီမိုကရေစီစနစ်မှာဖြစ်သင့်ဖြစ်ထိုက်သော မိမိတို့ရဲ့လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် တင်ပြဆောင်ရွက်ခွင့် ရရှိနေပြီဖြစ်ပါတယ် ။ ထို့အပြင် လက်ရှိသမ္မတ ဦးထင်ကျော်ဦးစီးတဲ့နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေးတို့ကို ဦးစားပေးဆောင်ရွက်နေသည်ကို အားလုံးလည်းသိရှိပြီး ဖြစ်ပါလျှက် ယခုကဲ့သို့နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သောကိစ္စတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

စစ်ပွဲများရပ်ရန် ဆန္ဒဖော်ထုတ်ခြင်း ၊ လွှတ်တော်တွင်အရေးကြီးအဆိုတင်သွင်း တို့သည် လက်ရှိသမ္မတဦးထင်ကျော်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရကို နိုင်ငံရေးအကျပ်အတည်းတစ်ရပ်ဖြစ်ပေါ်စေရန် ပုံဖော်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကပြောသည်။

ပြည်တွင်းစစ်မီးငြိမ်းပြီး အေးချမ်းတည်ငြိမ်တဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးဟာသိမ်မွေ့နက်နဲ ပြီး လက်တွေ့ဖြစ်နိုင်သည့်မူဘောင်အတွင်းမှ တည်တံ့ခိုင်မာသော သဘောတူညီမှုရရှိရေးအတွက် အလေးအနက်စဉ်းစားရမည်ဖြစ်သဖြင့် အရေးကြီးအဆိုကို မှတ်တမ်းအဖြစ်သာထားရှိသင့်သည်ဟု NLD အမတ် ဦးမင်းဦးကဆွေးနွေးခဲ့သည်။

ယင်းအဆိုအပေါ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးကဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှပြန်လည်ရှင်းလင်းပြီးနောက် အဆိုကို အတည်ပြုရန် သို့မဟုတ် မှတ်တမ်းတင်ရန် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ခဲ့ရာ မှတ်တမ်းတင်ရန် ကိုယ်စားလှယ်အများစုက ထောက်ခံခဲ့သဖြင့် ဦးဝေစိန်အောင်တင်သွင်းသည့်အရေးကြီးအဆိုကို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly