ဓာတ်အားလုံလောက်စွာဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံထားကြောင်း လျှပ်စစ်ဝန်ကြီးပြော

ဓာတ်အားလုံလောက်စွာဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံထားကြောင်း လျှပ်စစ်ဝန်ကြီးပြော
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအား ၂၀၁၆ခုနှစ်၊ မေလ ၄ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေလ ၄ရက်၊ ၂၀၁၆ခုနှစ်)။ ။ အယ်လ်နီညိုရာသီဥတု သက်ရောက်မှုကြောင့် ရာသီဥတုပူပြင်း၍ ရေလျော့နည်းမှုများ ပိုမိုဖြစ်နိုင်သဖြင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် သက်ရောက်မှုများ ရှိနိုင်သော်လည်း ပြည်သူများထံ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်စီမံထားသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက မေလ ၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

"ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဌာနအသီးသီးမှ ကြိုတင်ဆောင်ရွက်ရန်လိုအပ်သည့် ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်အား ပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍအားလုံးတွင် ကြိုတင်ပြင်ဆင် စီမံထားရှိပါတယ်" ဟု ဦးဖေဇင်ထွန်းက ပြောသည်။

အယ်လ်နီညို ရာသီဥတုသက်ရောက်မှုကြောင့် ရေလျော့နည်းဆုံးရှုံးမှု ပိုဖြစ်နိုင်ပါသဖြင့် လျှပ်စစ်ဓာတ်အားမပြတ်တောက်စေရန် ဝန်ကြီးဌာနအနေဖြင့် မည်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစစ်အေး၏ မေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လောင်စာအမျိုးအစားအလိုက် စက်တပ်ဆင်အင်အားမှာ ရေအား ၆၄ဒဿမ ၇၂ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ၃၃ဒဿမ ၃၅ရာခိုင်နှုန်းနှင့် ဒီဇင် ၁ဒဿမ ၉၃ ရာခိုင်နှုန်းအသီးသီး ဖြစ်သည်။

၂၀၁၆ခုနှစ်၊ နွေရာသီကာလတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်ငွေ့/ရေနွေးငွေ့စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မည့် ပမာဏမှာ ၂၄၅၀ မဂ္ဂါဝပ်သာရှိပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၂၇၃၀ မဂ္ဂါဝပ်ခန့်ရှိမည် ဖြစ်သဖြင့် ထုတ်လုပ်နိုင်မှုထက် ၂၈၀ မဂ္ဂါဝပ်ခန့် ထပ်မံလိုအပ်မည်ဟု ဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။

သို့သော် ဓာတ်အားလိုအပ်လိုအပ်ချက်ကို ပြည့်မှီစွာဖြည့်ဆည်းနိုင်ရန် ရွှေလီ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကျောက်ဖြူ၊ မြင်းခြံနှင့် သီလဝါတို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား တိုးတက်ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီဖြစ်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။

လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်စီမံဆောင်ရွက်ထားသည်ဟု ဝန်ကြီးက ဆိုသော်လည်း ယခုရက်ပိုင်းအတွင်း အစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် လျှပ်စစ်ဓာတ်အားရရှိသော နေရာအတော်များများတွင် ဓာတ်အားပြတ်တောက်မှုများ မကြာခနဖြစ်ပေါ်လျက် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly