'ဝ' ဒေသသို့ သွားရောက်သည့် NLDအမတ် လွှတ်တော်ကော်မတီမှ ဖယ်ရှားခံရ

'ဝ' ဒေသသို့ သွားရောက်သည့် NLDအမတ် လွှတ်တော်ကော်မတီမှ ဖယ်ရှားခံရ
(ဓာတ်ပုံ- မဇ္ဈိမ)

'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ထိန်းချုပ်နယ်မြေဖြစ်သော ပန်ဆန်းဒေသသို့ သွားရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အား လွှတ်တော်၏ ကော်မတီဝင်အဖြစ်မှ ဖယ်ရှားလိုက်သည်။

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ အဖွဲ့ဝင်ဖြစ်သူ ကော့ကရိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးဌေးသည် ဧပြီလ ၂၅ရက်မှ ၂၉ရက်ထိ 'ဝ' ဒေသသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ကော်မတီသို့ ခွင့်ပြုချက်မတောင်းဘဲ သွားရောက်ခဲ့ခြင်းကြောင့် ကော်မတီဝင်အဖြစ်မှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

ဦးစိုးဌေး၏ နေရာတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးစောဗစ်တာခလိုက်ကို ကော်မတီဝင်အဖြစ် အစားထိုးခန့်အပ်ကြောင်း မေလ ၃ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာခဲ့သည်။

"ကျွန်တော်က 'ဝ' ဒေသကို ကြိုတင်ခွင့်ပြုချက်မတောင်းဘဲနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအချက်အလက်တွေ သွားရောက်ပြီးတော့ လေ့လာခဲ့တာပါ။ အဲ့ဒီအတွက် ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံး၊ လုပ်နည်းနဲ့ ကော်မတီတာဝန်ကနေ လူစားထိုးပြီးတော့ တာဝန်ပေးလိုက်တာပါ" ဟု ဦးစိုးဌေးက ပြောသည်။

ကော်မတီဝင်အဖြစ်မှ ဖယ်ရှားလိုက်သည့်အပေါ် ပြည်သူ့လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဌ ခွန်မောင်သောင်းအား မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

"ဝ" ဒေသသို့ ခွင့်ပြုချက်မတောင်းခံဘဲ သွားရောက်ခဲ့သည့် ဦးစိုးဌေးအား လွှတ်တော်ကော်မတီဝင်အဖြစ်မှ ဖယ်ရှားလိုက်သလို NLDပါတီကလည်း ပါတီ၏ အရေးကြီးတာဝန်များကို တစ်နှစ်တိတိ ရပ်ဆိုင်းခြင်း ခံရသည်။

"ပါတီဝင်အဖြစ်က ရပ်ဆိုင်းတာတော့ မဟုတ်ပါဘူး။ ပါတီရဲ့ အရေးကြီးတာဝန်အဖြစ်ကနေ ထမ်းဆောင်ခွင့် ရပ်ဆိုင်းတဲ့သဘောပါ" ဟု ဦးစိုးဌေးက ဆိုသည်။

ဦးစိုးဌေးသည် တပ်မတော်မှ အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ၂၀၁၅ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲတွင် NLDပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။

"ဝ" ဒေသသို့ သွားရောက်ရသည့်အပေါ် ဦးစိုးဌေးက "စာအုပ်ပဲဖတ်ပြီး ဆွေးနွေးမယ်ဆိုတာထက် နယ်မြေကိုဆင်းပြီးတော့ အချက်အလက်ရှာဖွေတာက ပိုပြီးတော့ သင့်တော်တယ်လေ။ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ သွားတာပါ" ဟု ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags