သမ္မတ တာဝန်ယူအပြီး ကျန်းမာရေး ပိုကောင်းလာတယ်ဆိုတဲ့ ဦးထင်ကျော်

သမ္မတ တာဝန်ယူအပြီး ကျန်းမာရေး ပိုကောင်းလာတယ်ဆိုတဲ့ ဦးထင်ကျော်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီလ ၂၁ရက်၊ ၂၀၁၆ခုနှစ်)။ ။ သမ္မတဦးထင်ကျော်သည် ၂၀၁၆ခုနှစ်၊ ဧပြီလ ၂၁ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ၊ ကုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတစ်ခု ပြုလုပ်ခဲ့သည်။

"သမ္မတကြီး ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ Regular Check Up လုပ်တာ။ ကျွန်တော်တို့လည်း အားတဲ့အချိန်၊ သမ္မတကြီးလည်း ရုံးကတစ်နာရီလောက်အားတယ်ဆိုလို့ Regular Check Up လုပ်ဖို့ ခေါ်လိုက်တာ" ဟု သမ္မတအား ဆေးစစ်ပေးသည့် ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ဧပြီလ ၂၁ရက်၊ ညနေပိုင်းတွင် ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် သမ္မတ တာဝန်လွှဲပြောင်းရယူပြီးနောက်ပိုင်း နေပြည်တော်ကုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ပထမဆုံးအကြိမ် ကျန်းမာရေးစစ်ဆေးမှု လာရောက်ခံယူခြင်းလည်း ဖြစ်သည်။

ဆေးစစ်ချက်ရလဒ်အဖြစ် သမ္မတဦးထင်ကျော်၏ ကျန်းမာရေးမှာ ပုံမှန်ထက်ပင် ကောင်းမွန်ကြောင်း ဒေါက်တာခင်မောင်မြင့်က ဆိုသည်။

"ဘာမှ ထူးထူးခြားခြား မရှိဘူး။ ပုံမှန်ထက်တောင်ကောင်းနေလို့ ကျွန်တော်တို့ကတောင် သမ္မတကြီးကို နောက်လိုက်သေးတယ်" ဟု ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

အသက်(၇၀)ခန့်အရွယ် သမ္မတဦးထင်ကျော်သည် စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်ပြီး လက်ရှိ သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်စုစုလွင်၏ ခင်ပွန်းဖြစ်သည်။

သမ္မတဦးထင်ကျော် ဆေးစစ်သည့် ကုတင်(၁၀၀၀)ဆံ့ ဆေးရုံကြီးသု့ိ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နှင့် ဇနီးတို့ပါ ရောက်ရှိလာသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly