ဒေါ်စုကို အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်းအပေါ် တပ်မတော်သားအမတ်တို့ ပြင်ဆင်၊ ပယ်ဖျက်ရန် တင်သွင်းသည့် အချက်(၉)ချက်

ဒေါ်စုကို အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်းအပေါ် တပ်မတော်သားအမတ်တို့ ပြင်ဆင်၊ ပယ်ဖျက်ရန် တင်သွင်းသည့် အချက်(၉)ချက်
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

(ဧပြီလ ၅ရက်)။ ။ လက်ရှိ နိုင်ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံအဖြစ်ခန့်အပ်မည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" အပေါ် တပ်မတော်သားအမတ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီအမတ်များက ဥပဒေကြမ်းပါ အပိုဒ်များအား ပြင်ဆင်၊ ပယ်ဖျက်ရန် အဆိုတင်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ချက်အရ လွှတ်တော်က မူလပြဌာန်းချက်အတိုင်းသာ အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်က အတည်ပြုပြီးနောက် ပေးပို့လာသော ယင်းဥပဒေကြမ်းအား တပ်မတော်သားအမတ် သုံးဦးက ပြင်ဆင်၊ ပယ်ဖျက်ရန် တင်သွင်းလာသည့် အချက်(၉)ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

တပ်မတော်သား လွှတ်တော်အမတ် ဗိုလ်မှူးချုပ်မောင်မောင် တင်သွင်းသည့် ပြင်ဆင်ချက် (၅) ချက်
(၁)
မူလဥပဒေကြမ်းပါ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန် တင်ပြချက်မှာ “နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ဟု လည်းကောင်း ၊

(၂)
မူလဥပဒေကြမ်းပါ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေးနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်လည်းကောင်း၊ ပြည်သူများလိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်နိုင်ရန် လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ဤဥပဒေကိုပြဌာန်းလိုက်သည်” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန် တင်ပြချက်မှာ.....
“ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီ စနစ်ထွန်းကားရေးနှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်လည်းကောင်း၊ ပြည်သူများလိုလားတောင့်တနေကြသော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် ပြည်ထောင်စု နိုင်ငံတော်ကို ဖွဲ့စည်း တည်ဆောက်ရန် လည်းကောင်း ပြည်ထောင်စုလွှတ်တော်က ဤဥပဒေကိုပြဌာန်းလိုက်သည် ” ဟုလည်းကောင်း ၊

(၃)
မူလဥပဒေကြမ်းပါ “ဤဥပဒေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည် ” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန် တင်ပြချက်မှာ “ ဤဥပဒေကို နိုင်ငံတော်သမ္မတ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ” ဟု ခေါ်တွင်စေရမည် ဟု လည်းကောင်း

(၄)
မူလ ဥပဒေကြမ်းပါ “ နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုလိုသည် ” ဆိုသည့်အပိုဒ်ကို တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် မောင်မောင်က ပယ်ဖျက်ပေးရန်တောင်းဆိုခဲ့သည်။

(၅)
မူလ ဥပဒေကြမ်းပါ “ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန်တင်ပြချက်မှာ “ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် ပြည်ထောင်စုနိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ရေး ။ ” ဟု လည်းကောင်း စသည့် အချက် (၅) ချက်ကို ပြင်ဆင်ပယ်ဖျက်ပေးရန် တင်ပြခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ တပ်မတော်သားအမတ်များကိုယ်တိုင် မဲပေးခြင်းမရှိကာ ၎င်းတို့၏ တင်ပြချက်မှာ ရှုံးနိမ့်ခဲ့သည်။

တပ်မတော်သားအမတ် ဗိုလ်မှူးကြီးအောင်သီဟ တင်သွင်းသည့် ပြင်ဆင်ချက် (၂) ချက်
(၁)
မူလ ဥပဒေကြမ်းပါ  "၂၀၁၅ ခုနှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှု ဖြင့် တစ်ခဲနက်ထောက်ခံမဲရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးသည်” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန်တင်ပြချက်မှာ
“၂၀၁၅ ခုနှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုး သောပုဂ္ဂိုလ်ဖြစ်သူကို နိုင်ငံတော် သမ္မတ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်သည်” ဟု လည်းကောင်း

(၂)
မူလဥပဒေကြမ်းပါ “အကြံပြုချက်များ ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တာဝန်ခံရမည်” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန်တင်ပြချက်မှာ “အကြံပြုချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတသို့ တာဝန်ခံရမည် ” ဟုလည်းကောင်း အချက် (၂) ချက်ကို ပြင်ဆင်ပေးရန် တင်ပြခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ တပ်မတော်သားအမတ်များကိုယ်တိုင် မဲပေးခြင်းမရှိကာ လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုရလဒ်ကို ကန့်ကွက်သည်ဟု ပြောခဲ့ပြီး ၎င်းတို့၏ တင်ပြချက်မှာလည်း ရှုံးနိမ်ခဲ့သည်။

တပ်မတော်သားအမတ် ဗိုလ်မှူးကြီးထွန်းမြတ်ရွှေ တင်သွင်းသည့် ပြင်ဆင်ချက် (၂) ချက်
(၁)
မူလ ဥပဒေကြမ်းပါ “ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤ ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများ ၊ အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များ နှင့် ဆက်သွယ် ဆောင်နိုင်သည်” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန်တင်ပြချက်မှာ “ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အစိုးရအဖွဲ့၊ အုပ်ချုပ်ရေး နှင့်ဆိုင်သော ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများ ၊ အသင်း အဖွဲ့များ ၊ လူပုဂ္ဂိုလ်များ နှင့် ဆက်သွယ်နိုင်သည်” ဟု လည်းကောင်း

(၂)
မူလဥပဒေကြမ်းပါ “ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရာထူးအလျောက်ရရှိသည့် လစဉ် ချီးမြှင့်ငွေ ၊စရိတ် ၊ အဆောင်အယောင်နှင့် အခွင့်အရေးများကို ခံစားခွင့်ရှိသည်” ဆိုသည့်အစား တပ်မတော်သားအမတ် ပြင်ဆင်ရန် တင်ပြချက်မှာ “ (ရာထူးကို မည်သည့် အဆင်ဖြင့် တူညီသည်ကို တိကျစွာ ဖော်ပြရန်လိုအပ်မည်)” ဟုလည်းကောင်း ဆွေးနွေးရန် နှင့် ပြင်ဆင်ရန် တင်ပြခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ ၎င်းတို့ကိုယ်တိုင် မဲပေးခဲ့ခြင်းမရှိဘဲ မဲခွဲမှုရလဒ်ကို ကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး တပ်မတော်သားအမတ်များ တင်ပြသည့် ပြင်ဆင်ပယ်ဖျက်ပေးရန် အချက် (၉) ချက် သည် လွှတ်တော်တွင်း မဲခွဲဆုံဖြတ်ရာ အားလုံးရှုံးနိမ့်သွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly