မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် မိသားစု ပျောက်ဆုံးနေမှု မလေးရှားရဲ စုံစမ်းစစ်ဆေး

မြန်မာဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် မိသားစု ပျောက်ဆုံးနေမှု မလေးရှားရဲ စုံစမ်းစစ်ဆေး

မလေးရှားနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူ မြန်မာအမျိုးသမီးတစ်ဦးနှင့် သူမ၏ မိသားစု ယခုလအစောပိုင်းက ပျောက်ဆုံးသွားမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း မလေးရှားရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်ကတ်ပြား ကိုင်ဆောင်ထားသူများဖြစ်ကြသည့် အသက် ၄၆ နှစ်ရှိ ဒေါ်သူဇာမောင်၊ သူမ၏ ခင်ပွန်းနှင့် ကလေးသုံးဦး တို့သည် ဇူလိုင် ၄ ရက်က “အကွက်ချ စီစဉ်ထားသော စစ်ဆင်ရေးပုံစံ” တစ်ခုဖြင့် ပြန်ပေးဆွဲခေါ်ဆောင်ခြင်း ခံရဖွယ် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ယခုသီတင်းပတ်တွင် ဆီလန်ဂေါပြည်နယ်ရှိ ဒေါ်သူဇာမောင်၏ အိမ်ရှိ စီစီတီဗွီ မှတ်တမ်းနှင့် မျက်မြင်သက်သေများကို ကိုးကားလျက် ပြောသည်။

“ဒီ မိသားစုကို ပြန်ရှာတွေ့အောင် လုပ်ဖို့နဲ့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ဖို့ မလေးရှားအစိုးရအနေနဲ့ ချက်ချင်း ဆောင်ရွက်သင့်ပါတယ်” ဟု HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီယာဆန်က ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဒေါ်သူဇာမောင် မိသားစု ပျောက်ဆုံးမှုနှင့်ပတ်သက်၍ တိုင်ကြားချက်တစ်ရပ် ရရှိပြီးနောက် ရဲတပ်ဖွဲ့သည် လူပျောက် စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖွင့်လှစ်လုပ်ဆောင်လျက် ရှိကြောင်း ဆီလန်ဂေါ ရဲတပ်ဖွဲ့အကြီးအကဲ ဟူစိန် အိုမာ ခန်းက ရိုက်တာကို ပြောသည်။

ယခု စုံစမ်းစစ်ဆေးမှုတွင် ပြန်ပေးဆွဲမှု အပါအဝင် ပြစ်မှုကျူးလွန်မှု လက္ခဏာမှန်သမျှကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြီး နောက်ထပ် အသေးစိတ်ကို ထပ်မံပြောကြားခြင်း မရှိပေ။

၂၀၂၁ ၊ ဖေဖေါ်ဝါရီတွင် မြန်မာတွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းပြီးနောက် မလေးရှားသည် မြန်မာတွင် ပေါ်ပေါက်သည့် အကြမ်းဖက်မှုတို့အပေါ် ဟော့ဟော့ဒိုင်းဒိုင်း ဝေဖန်သည့် နိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသူများ အပါအဝင် မြန်မာနိုင်ငံသား ထောင်ချီကို ပြည်နှင်ဒဏ်ပေးမှုအတွက် မလေးရှားသည် လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

မွတ်စလင်များအပေါ် အကြမ်းဖက်မှုတို့ တိုးပွားလာခြင်းမှ တိမ်းရှောင်ရန် ၂၀၁၅ ခုနှစ်က မြန်မာမှ မလေးရှားသို့ ရွှေ့ပြောင်းရောက်ရှိခဲ့သည့် ဒေါ်သူဇာမောင်သည် မြန်မာ့ ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုကို ထောက်ခံမှုအတွက် ပစ်မှတ်ထားခံရခြင်း ဖြစ်နိုင်ကြောင်း HRW က ပြောသည်။ ယခုကိစ္စအတွက် မည်သူတွင် တာဝန်ရှိနိုင်သလဲ ဆိုသည်ကို ယင်းက ခွဲခြားထုတ်ဖော်ခြင်း မရှိပေ။

ဒေါ်သူဇာမောင်သည် မြန်မာ မွတ်စလင် ဒုက္ခသည် အသိုက်အဝန်းကို ဦးဆောင်သူဖြစ်ပြီး သူမ၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ဖော်လိုဝါ ၉၃,၀၀၀ ကျော် ရှိကာ သူမသည် ဖေ့ဘွတ်ခ်တွင် မကြာခဏဆိုသလို မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ထားခဲ့သည်။

ကွာလာလမ်ပူရှိ မြန်မာသံရုံးက မှတ်ချက်ပေးရန် ပန်ကြားမှုကို လက်တလော ဖြေကြားခြင်း မရှိပေ။

ဇူလိုင် ၄ ရက်က ဒေါ်သူဇာမောင် မိသားစု နေထိုင်ရာ အိမ်ယာဂိတ်ပေါက်ထဲ ကားတစ်စီး ဝင်လာသည်ကို စီစီတီဗွီရုပ်သံမှတ်တမ်းအရ သိရကြောင်း HRW က ပြောသည်။ ကားသမားက ၎င်းတို့သည် ရဲများ ဖြစ်သည်ဟု လုံခြုံရေးအစောင့်များကို ပြောခဲ့ကြောင်း သိရသော်လည်း နောက်ပိုင်းတွင် ထိုကား၏ လိုင်စင်နံပါတ်ပြားက အတုဖြစ်သည်ဟု အာဏာပိုင်များက ဖော်ထုတ်ခဲ့ကြောင်း HRW ထံမှ သိရသည်။

ယင်းနောက် နှစ်နာရီခန့်တွင် အမည်မသိ အမျိုးသားများ အိမ်ထဲ ဝင်လာကြောင်း ဒေါ်သူဇာမောင်က ခင်ပွန်းဖြစ်သူအား ပြောသည်ကို သူမနှင့် ဖုန်းပြောနေသည့် သူငယ်ချင်းတစ်ဦးက ကြားခဲ့ကြောင်း HRW က ပြောသည်။

သိပ်မကြာမီတွင် အလားတူ ကားနှင့်အတူ ဒေါ်သူဇာမောင် မိသားစု ပါသော ကားနှစ်စီးသည် အိမ်ယာဝန်းထံမှ ပြန်ထွက်သွားသည်ကို မြင်ခဲ့ရသည်ဟု သိရသည်။ ယင်းနောက် ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ၏ ဖုန်းများလည်း စက်ပိတ်ထားသည်ကို တွေ့ခဲ့ရကြောင်း HRW က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly