ပညာရေးဝန်ကြီးအဖြစ် ဦးမျိုးသိန်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်မည်

ပညာရေးဝန်ကြီးအဖြစ် ဦးမျိုးသိန်းကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ဦးဖေဇင်ထွန်းတို့ကို ခန့်အပ်မည်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီလ ၃ရက်)။ ။ ဧပြီလ ၄ရက်၊ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပညာရေးဝန်ကြီးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ရန်လျာထားသူ နှစ်ဦး၏ အမည်စာရင်းကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာမည်ဟု ဦးဝင်းထိန်က ပြောသည်။

"ပညာရေးဝန်ကြီးဌာနကို ဦးမျိုးသိန်းကြီးကို တာဝန်ပေးမှာ။ သူက ပညာရေးဝန်ကြီးဌာနမှာ ညွှန်ချုပ်နဲ့ ပါချုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတယ်။ နောက် စွမ်းအင်နဲ့ လျှပ်စစ်ကတော့ ဦးဖေဇင်ထွန်း၊ ဦးဖေဇင်ထွန်းကတော့ လျှပ်စစ်နဲ့စွမ်းအင်မှာ သူက အတွင်းဝန်ရာထူးကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်" ဟု ဦးဝင်းထိန်က ဧပြီလ ၃ရက်၊ ညပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ပေးမည့်သူနှစ်ဦးမှာ ဝန်ထမ်းများဖြစ်သောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါ ဝန်ကြီးဌာနများကို ဒေါ်အောင်ဆန်းစုကြည်က ပူးတွဲတာဝန်ယူထားခြင်းဖြစ်သည်ဟုလည်း ဦးဝင်းထိန်က ပြောသည်။

"အဲ့ဒီပုဂ္ဂိုလ်တွေက ဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ တာဝန်တွေမပြီးပြတ်သေးလို့ အရင်က ပြည်ထောင်စုဝန်ကြီးတွေ တာဝန်ပေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က တွဲကိုင်ထားတာ။ အခုတော့ အဲ့ဒီပုဂ္ဂိုလ်တွေရောက်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ကိုင်စရာမလိုတော့ဘူးပေါ့" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတရုံးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလေးခုမှ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားခြင်း ဖြစ်သည်။

ယခုတွင် ပညာရေးဝန်ကြီးနှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးများအဖြစ် ဦးမျိုးသိန်းကြီးနှင့် ဦးဖေဇင်ထွန်းတို့ကို တာဝန်ပေးမည်ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုကိုသာ တာဝန်ယူတော့မည့်သဘော ဖြစ်သည်။

ဖေဖော်ဝါရီ ၄ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစီအစဉ်၏ အမှတ်စဉ်(၉)တွင် "ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြသော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်း" ဟူ၍ ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly