NLDအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု သမ္မတအိုဘားမား ထုတ်ပြန်

NLDအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု သမ္မတအိုဘားမား ထုတ်ပြန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၃၁ရက်)။ ။ မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်ရန်မျှော်လင့်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက မတ်လ ၃၀ရက်တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

"ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ခြင်းခံရသော အရပ်သားဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ်ပါသည်" ဟု သမ္မတအိုဘားမား၏ ကြေငြာချက်တွင် ပါရှိသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်ကြောင်း သမ္မတအိုဘားမား၏ ကြေငြာချက်တွင် ဖော်ပြထားသလို NLDအစိုးရ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုလည်း သမ္မတအိုဘားမားက ထောက်ပြထားသည်။

"မြန်မာနိုင်ငံရှေ့ခရီးဆက်ရာတွင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင်ခြင်း၊ ၎င်းနိုင်ငံသားများအတွက် အခွင့်အရေးနှင့်လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပါသည်" ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

အစိုးရသစ်၏ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒများကို စောင့်ကြည့်သွားမည်ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ချို့က ပြောသည်။

သမ္မတဦးထင်ကျော်ကမူ "အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်တန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပထမဆုံးပြောကြားသည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောစဉ် မတ်လ ၃၀ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags