မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပထမလပေါင်း ၂၀ အတွင်း အရပ်သား ၆,၀၀၀ ခန့် သတ်ဖြတ်ခံရပြီး အစောပိုင်းခန့်မှန်းချက်များထက် ပိုများနေဟု အစီရင်ခံစာတွင် ဖော်ပြ

မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ပထမလပေါင်း ၂၀ အတွင်း အရပ်သား ၆,၀၀၀ ခန့် သတ်ဖြတ်ခံရပြီး အစောပိုင်းခန့်မှန်းချက်များထက် ပိုများနေဟု အစီရင်ခံစာတွင် ဖော်ပြ
Photo: EPA

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လ ၂၀ အတွင်း အရပ်သားပြည်သူ ၆,၀၀၀ ထက်မနည်း သတ်ဖြတ်ခံရသည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျု(PRIO) က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်တွင် တွေ့ရှိသည်။

အဆိုပါ ကိန်းဂဏန်းက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ ထုတ်ဖော်ထားသည်တို့ထက် သိသိသာသာပင် ပိုများနေကြောင်း PRIO က ပြောသည်။

“ပဋိပက္ခကြောင့် လူသေဆုံးမှုစာရင်းဟာ အရင်အစောပိုင်း ဖော်ပြခဲ့တာတွေထက် ပိုများနေတယ်ဆိုတာကို မိမိတို့ရဲ့ ဒေတာအချက်အလက်က ပြသနေပါတယ်။ အာဏာသိမ်းစစ်အုပ်စုက ရှင်းရှင်းလင်းလင်းပဲ အဓိက သတ်ဖြတ်သူ ဖြစ်တယ်ဆိုပေမယ့် အရပ်သားသေဆုံးမှုတွေအတွက် စစ်အုပ်စုကို ဆန့်ကျင်တဲ့ အဖွဲ့တွေမှာလည်း တာဝန်ရှိပါတယ်” ဟု PRIO ၏ သုတေသန ပါမောက္ခ ဖြစ်သလို လေ့လာချက်ကို ပူးတွဲရေးသားသူ စတိန်း တွန်နက်ဆန်က ပြောသည်။

‘မြန်မာ၏ သေဆုံးမှုများကို ရေတွက်ခြင်း- ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် ဖော်ပြခဲ့သည့် အရပ်သား ထိခိုက်သေဆုံးမှုများ’ ဆိုသည့် အစီရင်ခံစာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျုက ပံ့ပိုးသော မြို့နယ် အခြေပြု ပဋိပက္ခ လေ့လာစောင့်ကြည့်မှု စနစ်နှင့် အခြားသော ဒေတာအစုအဖွဲ့နှစ်ခုတို့ကို ကိန်းဂဏန်းများ ပြုစုခြင်းအတွက် အဓိက ရင်းမြစ်များအဖြစ် အသုံးပြုသည်။

အစီရင်ခံစာပါ အချိန်ကာလဖြစ်သည့် ၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်နှင့် ၂၀၂၂ စက်တင်ဘာ ၃၀ ရက်အကြားတွင် အရပ်သား သေဆုံးမှုဦးရေ ၃,၀၀၀ ကျော်အတွက် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဆက်စပ် အဖွဲ့များတွင် တာဝန်ရှိကြောင်း ယင်းအစီရင်ခံစာတွင် လေ့လာတွေ့ရှိသည်။

အဆိုပါ တူညီသော လပေါင်း ၂၀ ကာလအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့များကြောင့် အရပ်သား ၂,၀၀၀ ကျော် သေဆုံးခဲ့သလို အတိအကျမသိရသည့် ကျူးလွန်သူများက အရပ်သား ၁,၀၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ သတ်ဖြတ်မှု အများအပြားမှာ သတင်းထုတ်ပြန်ဖော်ပြနိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ဖွယ် ရှိသည့်အတွက် အမှန်တကယ် စုစုပေါင်းကိန်းဂဏန်းများက အစောပိုင်းခန့်မှန်းမှုများထက် ပိုမိုများပြားနေနိုင်သည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် လပေါင်း ၂၀ ကာလအတွင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ဆက်နွယ်ပတ်သက်သည့် ဆက်စပ် သတ်ဖြတ်မှုများ မဟုတ်ဘဲ နိုင်ငံရေးအရ အရင်းခံသော လူသတ်မှုများက မြို့ပြရော၊ ကျေးလက်ဒေသများရောတွင် အရပ်သားများအပေါ် အကြမ်းဖက်မှု၏ အဓိက ပုံစံ ဖြစ်ကြောင်းကို လေ့လာချက်က တွေ့ရှိသည်။ ယင်းသည် အထူးသဖြင့် အဓိကမြို့ကြီးနှစ်ခုဖြစ်သည့် ရန်ကုန်နှင့် မန္တလေး အပါအဝင် ဗမာတိုင်းရင်းသား လူများစု နေထိုင်ရာ ဒေသများတွင် မှန်ကန်ခဲ့သည်။

ထုတ်ပြန်ဖော်ပြသည့် အရပ်သား သေဆုံးမှုများ၏ အနည်းဆုံး ၆၇ ရာခိုင်နှုန်းသည် နိုင်ငံရေးအရ အရင်းခံသည့် လူသတ်မှုများ ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန် စသည့် တိုင်းဒေသ လေးခုတွင် အာဏာသိမ်းပြီး ပထမခြောက်လအတွင်း ဖိနှိပ်မှုကြောင့်လည်းကောင်း၊ နောက်ပိုင်းလများတွင် ပစ်မှတ်ထားသည့် နိုင်ငံရေးလူသတ်မှုများကြောင့်လည်းကောင်း အရပ်သား သေဆုံးမှု အရေအတွက် အများဆုံးကို မြင်တွေ့ခဲ့ရသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၂၀၂၃ ဒုတိယနှစ်ဝက်တွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် စီစဉ်နေပြီး ယင်းရွေးကောက်ပွဲတွင် ၂၀၁၅ နှင့် ၂၀၂၀ တို့၌ အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) နှင့် အခြား အရေးပါသော အတိုက်အခံပါတီများ ပါဝင်နိုင်လိမ့်မည် မဟုတ်ပေ။ ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှု၏ အန္တရာယ်က မြင့်မားသည်။ စစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် အလုပ်လုပ်ပေးနေသည့် အစိုးရဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုများနှင့် သဘောကွဲလွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။

“မြန်မာနိုင်ငံမှာ အရပ်သားတွေဟာ အကြမ်းဖက်မှုတွေ သိသိသာသာ အရှိန်မြင့်တက်မှုကို ရင်ဆိုင်ဖို့ ကိုယ်တိုင် အားတင်းထားနေရပါတယ်။ တကယ်လို့ ပြည်တွင်းစစ်က နောက်ထပ် လယ်ဗယ်တစ်ခုကို ရောက်မယ်ဆိုရင် အကြီးအကျယ် လက်တုံ့ပြန် သတ်ဖြတ်မှုတွေနဲ့အတူ လူ့အဖွဲ့အစည်းတစ်ခုကို နိုင်ငံရေးအရ အသေသတ်မှုအတွက် ကြီးမားတဲ့ ဖြစ်နိုင်ခြေ ရှိနေတယ်။ ဒီ အစီရင်ခံစာက ကုလနှင့် အာဆီယံလိုမျိုး ကမ္ဘာ့ အဖွဲ့အစည်းတွေထံ သတိပေးခေါင်းလောင်းမြည်သင့်ပါတယ်” ဟု အစီရင်ခံစာကို ဦးဆောင်ရေးသူ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု၏ ဒါရိုက်တာ၊ PRIO ၌ Global Fellow တစ်ဦးဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly