ဘာသာရေးပဋိပက္ခမဖြစ်ဖို့ သာသနာရေးဝန်ကြီးသစ် ကြိုပြင်ပြီ

ဘာသာရေးပဋိပက္ခမဖြစ်ဖို့ သာသနာရေးဝန်ကြီးသစ် ကြိုပြင်ပြီ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၅)။ ။ NLDဦးဆောင်မည့် အစိုးရသစ်လက်ထက်တွင် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်မည့် စိန်ခေါ်မှုမျိုးရှိလာနိုင်သောကြောင့် ယင်းစိန်ခေါ်မှုများအား ကြိုတင်ကာကွယ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဖြစ်လာမည့် သူရဦးအောင်ကိုက ၎င်း၏ အစီအစဉ်များကို ပြောဆိုလိုက်သည်။

"တိုင်းပြည်လူမှုအဖွဲ့အစည်းအတွင်းမှာ မငြိမ်မသက်ဖြစ်အောင်လုပ်မှာမျိုးကိုလည်း မရှိဘူးလို့ မပြောနိုင်ဘူး။
အစိုးရသစ်ကို အဲ့လိုမျိုးစိန်ခေါ်မှုတွေ စောင့်ကြိုနေတယ်။
စိန်ခေါ်မှုတွေမှာ ဘာသာသာသနာနဲ့ လူမျိုးရေးကို အဓိက သွေးထိုး၊ သွေးခွဲပြီးတော့မှ အတားအဆီး၊ ပြဿနာတွေကလည်း အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်တယ်" ဟု သူရဦးအောင်ကိုက မတ်လ ၂၅ရက်၊ ညနေပိုင်းတွင် ပြောသည်။

ယင်းစိန်ခေါ်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဘာသာပေါင်စုံဖြင့်ထိတွေ့ကာ ယုံကြည်မှုတည်ဆောက်သွားမည်ဟု သူရဦးအောင်ကိုက ဆိုသည်။

"မြန်မာနိုင်ငံမှာ ခြောက်သိန်းကျော်ရှိတဲ့ သံဃအဖွဲ့အစည်းအဆင့်ဆင့်နဲ့ ထိတွေ့ပါမယ်။ နားလည်မှု တည်ဆောက်ပါမယ်။ ပြီးရင် တိုင်းရင်းသားတွေကိုးကွယ်တဲ့ ခရစ်ယာန်ဘာသာ၊ သာသနာ၊ အစ္စလာမ်ဘာသာ၊ သာသနာ၊ ဟိန္ဒူဘာသာ၊ သာသနာ၊ အဲ့ဒီအပြင် တစ်ခြားဘာသာငယ်တွေရှိပါသေးတယ်။ ဒါကိုလည်း ထိတွေ့ပါမယ်"

"အဓိက ဘာသာကြီးလေးရပ်က စိတ်ဝမ်းမကွဲကြေး၊ သူများ သွေးထိုး၊ သွေးခွဲတိုင်းလည်း မယုံကြည်ဖို့အတွက်ကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အစီအမံရေးဆွဲဖို့လည်း လုပ်ပါမယ်" ဟု ၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်မူ ဘာသာရေး၊ လူမျိုးရေးအသွင်ဆော်သော ပဋိပက္ခများမှာ ရခိုင်ပြည်နယ်၊ မန္တလေး၊ မိတ္ထီလာ၊ လားရှိုးစသည့်မြို့များတွင် ဖြစ်ပွားခဲ့သည်။

NLDအစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၂၁ခုနှင့် ဝန်ကြီး ၁၈ဦးကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပြီး သူရဦးအောင်ကိုအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ဖွယ်ရှိသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁၁မှ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးအောင်ကိုသည် ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ကန်ပက်လက်မြို့နုယ်၏ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရာတွင်မူ ရှုံးနိမ့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly