“ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့” ဦးတည်ပြီး နိုင်ငံ့ဘဏ္ဍာငွေတွေ မျှဝေသုံးစွဲမယ်လို့ ဦးထင်ကျော်ပြော

“ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့” ဦးတည်ပြီး နိုင်ငံ့ဘဏ္ဍာငွေတွေ မျှဝေသုံးစွဲမယ်လို့ ဦးထင်ကျော်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၂၁ရက်)။             ။ သမ္မတဦးသိန်းစိန်လက်ထက်က ဝန်ကြီးဌာန(၃၆)ခု ထားရှိခဲ့ရာမှ ဦးထင်ကျော်သမ္မတအဖြစ် တာဝန်ယူမည့် NLDအစိုးရလက်ထက်တွင် ဝန်ကြီးဌာနပေါင်း (၂၁)သာ ထားရှိရန် ယနေ့ မတ်လ ၂၁ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ဝန်ကြီးဌာနများ ၂၁ခုသာ ထားရှိရသည့်အပေါ် ဦးထင်ကျော်က လွှတ်တော်တွင် လာရောက်ရှင်းလင်း တင်ပြခဲ့ပြီး ဝန်ထမ်းများအနေဖြင့်လည်း အလုပ်လက်မဲ့ဖြစ်မည်မဟုတ်သောကြောင့် စိတ်မပူကြဖို့ ဦးထင်ကျော်က ပြောသည်။

ပြည်သူ့ဘဏ္ဍာငွေများကို ခြိုးခြံချွေတာသုံးစွဲသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေများကိုလည်း ပိုနေတဲ့နေရာမှ လိုနေတဲ့နေရာဆီသို့ ဦးတည်ကာ ပြည်သူများ၏ လူနေမှုဘဝတိုးတက်ရေးအတွက် မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ဦးထင်ကျော်က လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ယနေ့ပြည်ထောင်စုလွှတ်တော်တွင် ဦးထင်ကျော်ရှင်းလင်းတင်ပြခဲ့မှုအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

“လေးစားအပ်တဲ့ ပြည်ထောင်စုလွှတ်တော်နာယကကြီးနဲ့တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ ချမ်းသာကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျနော့အနေနဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေသတ်မှတ်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့စပ်လျဉ်းပြီး ထောက်ခံဆွေးနွေးကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို လည်းကောင်း၊ ဆွေးနွေးခြင်းမပြုကြသော်လည်း ဝိုင်းဝန်းထောက်ခံခဲ့ကြသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။

လက်ရှိ ပကတိအခြေအနေအရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို မူလအတိုင်းပဲ ထားရှိထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

အချို့ဝန်ကြီးဌာနတွေကတော့ အမျိုးတူ၊ ဘာသာရပ်တူ၊ လုပ်ငန်းသဘောတူဖြစ်တာကြောင့် ပေါင်းစပ်ဖွဲ့စည်းခြင်းလည်း ရှိပါတယ်။ ဒါတွေကတော့ သမ္မတရုံးဝန်ကြီးဌာန(၆)ခုကို တစ်ခုတည်းထားရှိခြင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန သုံးခုတို့ကိုပေါင်းပြီး တစ်ခုတည်းပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှစ်ခုတို့ကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ သာသနာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ပေါင်းစပ်ဖွဲ့စည်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟု ပေါင်းစပ်ခေါ်ဝေါ် ဖွဲ့စည်းခြင်း၊ အားကစားဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနနှစ်ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန(၂)ခုကို ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် တိုင်းရင်းသားများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်တံ့ခိုင်မြဲရေးအတွက် မရှိမဖြစ် လိုအပ်နေတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပါတယ်။

ဒီနေရာမှာ တစ်ချို့ဝန်ထမ်းများက ဝန်ကြီးဌာနများလျော့နည်းသွားလို့ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ်ကြောင်း ကြားသိရပါတယ်။

ဝန်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝန်ကြီးဌာနနှင့် ဝန်ကြီးဦးရေလျော့နည်းသွားတာသာ ရှိပါတယ်။ ဝန်ထမ်းများကို သင့်တော်သလို ပြောင်းရွှေ့နေရာချထားခြင်းအားဖြင့် အလုပ်အကိုင်လုံခြုံမှုပေးမှာ ဖြစ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းများအနေနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းများနဲ့ ညီညွတ်ခြင်းရှိတဲ့ အလုပ်အကိုင်မျိုးကိုသာ လုပ်ကိုင်မယ်ဆိုပါက အလုပ်လက်မဲ့ဖြစ်စရာအကြောင်း လုံးဝမရှိပါကြောင်းကို ပြောကြားလိုပါတယ်။

အခုလို ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေလျော့နည်းသွားခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာမှာဖြစ်စေ၊ အစိုးရရဲ့မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ၊ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် လျော့နည်းသွားတဲ့ဝန်ကြီးများရဲ့ လစာငွေနဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရငါးနှစ်သက်တမ်းအတွင်း သန်းပေါင်း(၅၀၀၀)ခန့် နိုင်ငံအတွက် ခြိုးခြံချွေတာပြီးလည်း ဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံဟာ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲမှုကို တတ်နိုင်သမျှ လျော့နည်းသက်သာစေနိုင်ပါမှ အတတ်နိုင်ဆုံး ခြိုးခြံချွေတာနိုင်ပါမှ နိုင်ငံတော်ဘဏ္ဍာငွေများစုဆောင်းနိုင်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ နောင်မျိုးဆက်များအတွက် နိုင်ငံ့ဘဏ္ဍာအရံငွေများ ချန်ထားနိုင်ခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ပါတယ်။

အဆိုပါ နိုင်ငံဘဏ္ဍာငွေများကိုလည်း လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ ပိုနေတဲ့နေရာမှသည် လိုနေတဲ့နေရာဆီသို့ ပြည်သူလူထုလူနေမှုဘဝ အဆင့်အတန်းမြင့်မားရေးအတွက် မျှဝေပေးနိုင်မှာဖြစ်ပါတယ်။

ဥပမာ- လျှော့ချလိုက်တဲ့ဝန်ကြီးများရဲ့ သန်းပေါင်း ၅၀၀၀ခန့်ရှိတဲ့ လစာနဲ့ အဆောင်အယောင်စားရိတ်များကို နိုင်ငံတော်မှာ လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပိုမိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့အနေနဲ့ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးရေး၊ အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရေး၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုရေး၊ ပြည်သူ့ဘဏ္ဍာငွေများ ခြိုးခြံချွေတာရေးနဲ့ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျစ်လျစ်ခိုင်သော ပြည်ထောင်စုအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိစ္စတို့ကို ဦးတည်၍ ဆောင်ရွက်ပါကြောင်း ပြည်ထောင်စုလွှတ်တော်ကြီးသို့ အလေးအနက် ရှင်းလင်းတင်ပြအပ်ပါတယ် ခင်ဗျာ”

ကျေးဇူးတင်ပါတယ်။

…………………………………………………………..

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly