ကမ္ဘာမှာ မြန်မာက ဒုတိယမြောက် ဒီမိုကရေစီ အနည်းဆုံး နိုင်ငံဖြစ် 

ကမ္ဘာမှာ မြန်မာက ဒုတိယမြောက် ဒီမိုကရေစီ အနည်းဆုံး နိုင်ငံဖြစ် 

ဖေဖော်ဝါရီလ ၃ ရက်

၂၀၂၂ ခုနှစ်၌ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဒုတိယမြောက် ဒီမိုကရေစီ အနည်းဆုံးနိုင်ငံဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံက ဒီမိုကရေစီ မရှိသလောက် ပထမမြောက်နိုင်ငံအဖြစ် Economist Intelligence Unit (EIU) က အဆင့်သတ်မှတ်ပြီး ဖေဖော်ဝါရီ ၂ ရက် အစီရင်ခံစာတွင် ထုတ်ပြန်သည်။ 

တိုင်းတာမှု၏ အောက်ခြေတွင် တတိယနိုင်ငံ၌ ရှိသော အထီးကျန် မြောက်ကိုရီးယားနိုင်ငံသည် ၂၀၂၂ အတွင်း၌ ပို၍ ဒီမိုကရေစီ ကျလာသည်ဟု ယူဆရကြောင်း အစီရင်ခံစာ ဖော်ပြသည်။ 

ဒီမိုကရေစီ အများဆုံး နိုင်ငံသုံးနိုင်ငံအဖြစ် နော်ဝေ၊ နယူးဇီလန်နှင့် အိုက်စလန်တို့ကို ဖော်ပြသည်။ 

COVID-19 ကန့်သတ်ချက်များ ရုတ်သိမ်းကြပြီးနောက် ၂၀၂၂ အတွင်း ကမ္ဘာတစ်လွှား၌ ဒီမိုကရေစီ စံနှုန်းများ အနည်းငယ် ကောင်းမွန်တိုးတက်သော်လည်း ယူကရိန်းအား ကျူးကျော်သည့် ရုရှ၌မှု ကျဆင်းကြောင်း EIU အရ သိရသည်။ 

ယေဘုယျအားဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး ၄၅ ဒသမ ၃ ရာခိုင်နှုန်းသည် ဒီမိုကရေစီစနစ်၌ နေထိုင်လျက်ရှိနေသည်ဟု လန်ဒန်အခြေစိုက် ယင်းသုတေသီအဖွဲ့က ဆိုသည်။ 

“ကမ္ဘာ့လူဦးရေ၌ သုံးပုံတစ်ပုံကျော် ၃၆ ဒသမ ၉ ရာခိုင်နှုန်းဟာ အာဏာရှင်စနစ် အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်၊ ဒီ နှုန်းထားရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက တရုတ်နဲ့ ရုရှကပဲ ဖြစ်တယ်”ဟု EIU က ၎င်း၏ နှစ်ပတ်လည်ဒီမိုကရေစီ အညွှန်းကိန်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ကနေဒါ၊ ဆွီဒင်နှင့် ဥရုဂွေးကဲ့သို့သော နိုင်ငံ ၂၀ ကျော်ပါ အုပ်စုအတွင်း “အပြည့်အဝ ဒီမိုကရေစီ” ၌ နေထိုင်ကြရသူက ရှစ်ရာခိုင်နှုန်းအောက်သာရှိသည်ဟု ဆိုသည်။ 

“ယူကရိန်းကို ကျုးကျော်ပြီးတဲ့နောက် ရုရှရဲ့ အဆင့်ဟာ ကမ္ဘာ့ ဘယ်တိုင်းပြည်ကထက်မဆို အတော်လေး ထိုးကျသွားတယ်”ဟု ယင်း သုတေသီအဖွဲ့က ပြောသည်။ 

၂၀၂၂ ဖေဖော်ဝါရီလအတွင်း ယူကရိန်းဆီ တပ်ဖွဲ့ဝင်များ သမ္မတ ဗလာဒီမာ ပူတင် စေလွှတ်ချိန်မှစကာ ရုရှအာဏာပိုင်များသည် မကြုံစဖူး မီဒီယာနှင့် အတိုက်အခံများကို ဖြိုခွင်းမှုများ လုပ်ဆောင်သည်။ 

“ရုရှဟာ ရေရှည် ဒီမိုကရေစီကနေ သွေဖည်တဲ့ လမ်းကြောင်းပေါ် ရှိနေတယ်၊ အခုဆိုရင် အာဏာရှင်ဆန်ဆန် ပိုပြီး ဖြစ်လာနေတယ်”ဟု EIU က ပြောသည်။ 

ပြီးခဲ့သည့်နှစ်က စစ်အာဏာသိမ်းမှု နှစ်ခါကြုံရပြီး ဂျီဟတ်ဝါဒီ သောင်းကျန်းသူများထံ နယ်မြေများ ဆုံးရှုံးရသည့် ဘာကီနာဖာဆိုလည်း အဆင့်သတ်မှတ်မှုတွင် ကျဆင်းသည်။ 

၂၀၂၁ ဇူလိုင်လအတွင်းက သမ္မတဖြစ်သူ လုပ်ကြံခံရချိန်မှစကာ ဆိုးဝါးသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းဆိုက်နေသော ဟေတီနိုင်ငံသည်လည်း အညွှန်းကိန်းတွင် အဆင့်ကျသည့် နိုင်ငံဖြစ်သည်။ 

အကောင်းဖက် လားရာအဖြစ် ချီလီ၊ ပြင်သစ်နှင့် စပိန်တို့သည် “အားနည်းသော ဒီမိုကရေစီ” မှ “အပြည့်အဝ ဒီမိုကရေစီ” သို့ အဆင့်တက်ခဲ့ကြောင်း၊ ယင်းမှာ ၂၀၂၀-၂၁ ၌ နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ထိပါးချိုးဖောက်သော ကိုရိုနာကပ်ဘေး လုပ်ငန်းစဉ်များကို ရုပ်သိမ်းလိုက်ခြင်းကြောင့် ဖြစ်ကြောင်း EIU က ဆိုသည်။ 

သို့ရာတွင် ၂၀၂၂ ၌ ကမ္ဘာလုံးဆိုင်ရာ မြင်ကွင်းသည် ဒီမိုကရေစီအတွက် စိတ်ပျက်စရာတော့ ဖြစ်နေကြောင်း ယင်း ဖြည့်စွက်ဆိုသည်။ 

တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအညွှန်းကိန်းသည် ၂၀၂၁ က ၅ ဒသမ ၂၈ မှတ် ရှိရာမှ ၅ ဒသမ ၂၉ မှတ်သို့သာ မဆိုစလောက် မြင့်တက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly