မနက်ဖြန် သမ္မတရွေးတော့မည်

မနက်ဖြန် သမ္မတရွေးတော့မည်
(ဓာတ်ပုံ- မဇ္ဈိမ၊ အီးပီအေ)

နေပြည်တော်(မတ်လ ၁၄ရက်)။ ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်အမတ်များက တစ်ဦးစီတင်မြှောက်ထားသော ဒုတိယသမ္မတသုံးဦးအနက်မှ တစ်ဦးအား မတ်လ ၁၅ရက်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

မတ်လ ၁၄ရက်၊ လွှတ်တော်အစည်းအဝေးတွင် မန်းဝင်းခိုင်သန်းက ကြေငြာလိုက်ခြင်းဖြစ်ပြီး ဒုတိယသမ္မတသုံးဦးစလုံးသည် သမ္မတအရည်အချင်းများနှင့် ကိုက်ညီမှုရှိသောကြောင့်ထိုသုံးဦးထဲမှ တစ်ဦးအား လျှို့ဝှက်ဆန္ဒမဲပေးကာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မည်ဟု ဆိုသည်။

"သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ရွေးချယ် တင်ပြထားတဲ့ ဒုတိယ သမ္မတသုံးဦးဟာ နိုင်ငံတော် သမ္မတအရည်အချင်းများနဲ့ ပြည့်စုံကြောင်း စိစစ်ရေးအဖွဲ့ဝင် အများစုကထောက်ခံတင်ပြထားပါတယ်" ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

မနက်ဖြန် မတ်လ ၁၅ရက်တွင် ပြည်သူ့လွှတ်တော်က တင်မြှောက်ထားသော ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်ထားသော ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်သားအမတ်များ တင်မြှောက်ထားသော ဦးမြင့်ဆွေတို့သုံးဦးအနက်မှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။

ထိုသုံးဦးအနက် မဲအများဆုံးရသူသည် သမ္မတ၊ ဒုတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတ(၁)နှင့် တတိယမဲအများဆုံးရသူသည် ဒုတိယသမ္မတ(၂)တို့ ဖြစ်လာမည်ဖြစ်သည်။

ထိုသုံးဦးကို သမ္မတအရည်အချင်းနှင့် ကိုက်ညီမှုရှိ၊ မရှိ သမ္မတနှင့် ဒုတိယသမ္မတများ စိစစ်ရွေးချယ်ရေးအဖွဲ့က စိစစ်ခဲ့ကြပြီး အမျိုးသားလွှတ်တော်က တင်မြှောက်ထားသော ဦးဟင်နရီဗန်ထီးယူကိုမူ နိုင်ငံခြားတွင် ခြောက်နှစ်ခန့်နေထိုင်သည်ဟုအကြောင်းပြကာ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် တပ်မတော်သားအမတ်က ကန့်ကွက်ခဲ့သည်ဟု မန်းဝင်းခိုင်သန်းက လွှတ်တော်တွင် ရှင်းပြသည်။

သို့သော် စိစစ်ရေးအဖွဲ့ဝင် (၇)ဦးအနက် တပ်မတော်သားအမတ်တစ်ဦးတည်းကသာ ကန့်ကွက်ပြီး ကျန်(၆)ဦးက ထောက်ခံခဲ့သည်ဟုလည်း မန်းဝင်းခိုင်သန်းက ပြောသည်။

သမ္မတနှင့် ဒုတိယသမ္မတများ စိစစ်ရေးအဖွဲ့ဝင်များမှာ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ဒုဥက္ကဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ဒုဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဦးဘမျိုးသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဒေါက်တာမျိုးအောင်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်ချုပ် သန်းစိုးတို့ (၇)ဦး ပါဝင်သည်။

မတ်လ ၁၅ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအစီအစဉ်လျာထားချက်တွင် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေး၍ နိုင်ငံတော်သမ္မတအား ရွေးချယ်တင်မြှောက်ခြင်းနှင့် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ၏ အမည်စာရင်းကို ကြေငြာမည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags