မူးယစ်ရမ်းကားတာကအစ NLDအမတ်တို့လုပ်ရပ်တွေကို တိုင်နိုင်ပြီ

မူးယစ်ရမ်းကားတာကအစ NLDအမတ်တို့လုပ်ရပ်တွေကို တိုင်နိုင်ပြီ
(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁)။ ။ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်တို့၏ လုပ်ရပ်များအား မကျေနပ်ပါက မဲဆန္ဒနယ်ရှင်ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ပြီဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က မတ်လ ၁ရက်တွင် ပြောဆိုလိုက်သည်။

NLDအမတ်တို့၏ လုပ်ရပ်များကို မကျေနပ်ပါက တိုင်ကြားနိုင်ရန် တိုင်ကြားရေးဌာနတစ်ခုကို ဖေဖော်ဝါရီ ၂၈ရက်က စတင်ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါ တိုင်ကြားရေးဌာနကို အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမျိုးညွှန့်အား တာဝန်ပေးအပ်ထားကြောင်း ဦးဝင်းထိန်က ပြောသည်။

"တိုင်တဲ့သူတွေက ကိုယ့်ကိုယ်ပိုင်နံပါတ် ပါရမယ်၊ မှတ်ပုံတင်ပါရမယ်၊ လိပ်စာပါရမယ်၊ ဖုန်းနံပါတ်ပါရမယ်။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေကို မကျေနပ်တာတွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ လျစ်လျူရှုတာတွေ၊ ယုတ်စွအဆုံး မူးပြီးရမ်းတာလည်း ပါတယ်" ဟု ဦးဝင်းထိန်က သတင်းထောက်များကို ပြောသည်။    

တိုင်ကြားရေးဌာနအနေဖြင့် တိုင်ကြားချက်များကို စိစစ်ကာ ပါတီစည်းကမ်းအရ အရေးယူသွားမည်ဖြစ်သလို ရဲဘော်ရဲဘက်စိတ်ဖြင့် ပြုပြင်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ပြုပြင်၍မရသည့်ကိစ္စဖြစ်ပါက ဥပဒေကြောင်းအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ တိုင်းကြားရေးဌာနဖွဲ့စည်းလိုက်သည့်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကျော်စိုး(ခ)ဖိုးခွားက "ကျွန်တော်တို့ကိုယ်စားလှယ်တွေကို ထိန်းကျောင်းဖို့ဆိုပြီး ဖွဲ့လိုက်တဲ့သဘောလို့ ထင်တယ်" ဟု မှတ်ချက်ပြုသည်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုလွှတ်တော်တွင် အမတ်ဦးရေ လေးရာနီးပါးခန့်နေရာယူထားသော NLDအမတ်များနှင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၁ရက်၊ မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့သေးရာ အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများတင်ပြသည့်အခါ ကိုယ်ကျိုးစီးပွားအတွက်မဟုတ်ဘဲ အများပြည်သူအကျိုးအတွက်သာ တင်ပြကြရန်နှင့် ချို့ယွင်းမှု၊ မှားယွင်းမှုများကို ပြုပြင်ရန် မှာကြားခဲ့သေးသည်။(ဦးဝင်းထိန်၏ပြောဆိုချက် ဗီဒီယိုဖိုင်အား ဆက်လက်ဖော်ပြသွားပါမည်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags