ဂျပန်က လှူဒါန်းသော ခရီးသည်တင်သင်္ဘောများကို စစ်ကောင်စီတပ်က အသုံးပြုနေ 

ဂျပန်က လှူဒါန်းသော ခရီးသည်တင်သင်္ဘောများကို စစ်ကောင်စီတပ်က အသုံးပြုနေ 

October 11

မြန်မာစစ်အာဏာသိမ်းအုပ်စုသည် ဂျပန်နိုင်ငံမှ အရပ်ဘက်သုံးအတွက် လှူဒါန်းထားသော ခရီးသည်တင်သင်္ဘောများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနေကြောင်း Human Rights Watch က စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။ 

မြန်မာတာဝန်ရှိသူများ ထုတ်ပြန်သော စာများကို Human Rights Watch က စိစစ်ခဲ့ရာတွင် ၂၀၁၇ နှင့် ၂၀၁၉ ကြား ဂျပန်နိုင်ငံမှ ပေးပို့ထားသော သင်္ဘော သုံးစင်းတွင် နှစ်စင်းကို စစ်ကောင်စီက အသုံးပြုနေကြောင်း တွေ့ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေရာ ရခိုင်ပြည်နယ် မာယုမြစ်က ဘူးသီးတောင်သို့ စစ်သား ၁၀၀ ကျော်နှင့် လက်နက်ပစ္စည်းများ ပေးပို့ရာတွင် အဆိုပါ သင်္ဘောများကို အသုံးပြုခြင်း ဖြစ်သည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီ မဟုတ်သော အကူအညီများကို ဆိုင်းငံ့ရန်နှင့် လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်သည့် စစ်ကောင်စီ တာဝန်ရှိသူများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Human Rights Watch က တိုက်တွန်းသည်။ 

“မြန်မာ စစ်ကောင်စီဟာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးမှု အကူအညီတွေကို စစ်ရေးအတွက် မှားယွင်းစွာ အသုံးချနေခြင်းဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေကို ဂျပန်က ကျောထောက်နောက်ခံ ပြုသလို ဖြစ်စေတယ်”ဟု Human Rights Watch မှ အာရှစီမံကိန်း တာဝန်ရှိသူ တက်ပီ ကာဆိုင်းက ပြောသည်။ “စစ်ကောင်စီရဲ့ အလွဲသုံးစား ပြုကျင့်မှုတွေကို လျှော့ချဖို့ ချည်းကပ်ရန် ပျက်ကွက်နေတာကိုလည်း ဂျပန်အစိုးရအနေနဲ့ အားချင်း ပြန်လည်စိစစ်ဖို့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။ 

စက်တင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ်အစိုးရ ပို့ဆောင်ရေးဝန်ကြီးသည် “စစ်တွေ-ဘူးသီးတောင်-စစ်တွေ လမ်းကြောင်း”အတွက် ဂျပန်မှ ပေးအပ်ထားသော Kisapanadi 1 နှင့် Kisapanadi 2 တို့ကို “အသင့်ပြင်ထားရန်” ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနသို့ အမိန့်ထုတ်ခဲ့ကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးဌာနက သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ စက်တင်ဘာ ၂၁ ရက်တွင် လျှို့ဝှက်အဆင့် ပေးပို့သည့် စာ၌ ဖော်ပြထားသည်။ အဆိုပါ စာတွင် စက်တင်ဘာ ၁၄ ရက်၌ ယင်း သင်္ဘော နှစ်စင်းဖြင့် ဘူးသီးတောင်သို့ စစ်သား တစ်ရာကျော်ထက်မနည်းနှင့် စစ်လက်ပစ္စည်းပစ္စယများကို ဘူးသီးတောင်သို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။ 

သယ်ယူပို့ဆောင်ရေး ဝန်ကြီးသည် “ယင်း ခရီးစဉ်လမ်းကြောင်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ဦးတည်ရာကို လျှို့ဝှက်အဆင့် ထားရန်နှင့် အခြား တတိယအဖွဲ့အစည်း မသိရှိစေရန်” ညွှန်ကြားထားကြောင်း ယင်းစာ၌ ဖော်ပြသည်။  

မြန်မာစစ်ကောင်စီတပ်နှင့် AA တို့ကြားတွင် ၂၀၂၀ နိုဝင်ဘာမှစကာ တရားဝင်မဟုတ်သော အပစ်ရပ်မှု ရှိထားခဲ့ခြင်းသည် မကြာသေးသော လများအတွင်း ပျက်ပြယ်သွားခဲ့သည်။ ဩဂုတ်လအတွင်း၌ လေကြောင်းထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် မြေမြုပ်မိုင်းအသုံးပြုခြင်းများဖြင့် အရပ်သား အသေအဆုံး များပြားခဲ့ခြင်းနှင့်အတူ စစ်ကောင်စီသည် ရခိုင်ပြည်နယ်သို့ တပ်အင်အားများ အားဖြည့်ခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly