ရိုဟင်ဂျာ နေရပ်ပြန်ရေး ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှု မြန်မာစစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ် ဝေဖန်

ရိုဟင်ဂျာ နေရပ်ပြန်ရေး ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှု မြန်မာစစ်ကောင်စီကို ဘင်္ဂလားဒေ့ရှ် ဝေဖန်

October 7

ရိုဟင်ဂျာ ဒုက္ခသည်များ အေးချမ်းစွာ နေရပ်ပြန်နိုင်ရေး ဒေသတွင်းနှင့် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများတွင် မြန်မာအာဏာသိမ်းစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်နေဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက အောက်တိုဘာ ၆ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်ရန် မကြာသေးခင်က အမေရိကန်သို့ သွားရောက်ခဲ့မှုနှင့်ပတ်သက်ပြီး အလေးပေး ပြောကြားရန် ဒါကာမြို့၌ ပြုလုပ်သည့် သတင်းမီဒီယာရှင်းလင်းပွဲတစ်ခုအတွင်း အထက်ပါအတိုင်း စွပ်စွဲသွားခဲ့ခြင်း ဖြစ်သည်။

“ရိုဟင်ဂျာတွေ သူတို့ရဲ့ မူလနိုင်ငံဆီ ဘေးကင်းစွာနဲ့ သိက္ခာရှိစွာ နေရပ်ပြန်သွားနိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်၊ သုံးဦးသုံးဖလှယ်နဲ့ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကြိုးပမ်းမှုတွေကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာတာဝန်ရှိသူတွေဘက်က နိုင်ငံရေး စိတ်ဆန္ဒ ကင်းမဲ့နေတာကြောင့် ရိုဟင်ဂျာ နေရပ်ပြန်ရေးကို ခုထက်ထိ မစတင်နိုင်သေးပါဘူး” ဟု ဟာဆီနာက စာဖြင့်ရေးထားသော မိန့်ခွန်းတစ်ခုတွင် ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် လက်ရှိတွင် နိုင်ငံ၏ တောင်ဘက် ခရီးသွားအချက်အချာ၊ နယ်စပ်ခရိုင်တစ်ခုဖြစ်သည့် ကော့ဇ်ဘဇားရှိ ကြီးမားသည့် တောင်ကုန်းသစ်တောဆိုဒ်နေရာတစ်ခုရှိ လူပြည့်ကျပ်နေသော ကမ့်စခန်း ၃၄ ခုတွင် ဖိနှိပ်ခံ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံနေရာပေးထားရသည်။ အဆိုပါ ရိုဟင်ဂျာများသည် ၂၀၁၇ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်ရက်စက်သော ဖြိုခွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရသူများ ဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်ဟာ အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ကြရတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ကို လက်ခံနေရာပေးထားရတာဟာ ငါးနှစ်လောက် ရှိသွားပါပြီ။ မိမိတို့ဟာ ဖိနှိပ်ခံလူသားတွေကို လူသားချင်းစာနာမှု အကြောင်းရင်းတွေကြောင့် ခိုလှုံခွင့် ထောက်ပံ့ပေးထားပါတယ်” ဟု ဟာဆီနာက ပြောသည်။

ရိုဟင်ဂျာများ အေးအေးချမ်းချမ်း၊ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအလို့ငှာ ရခိုင်ပြည်နယ်၌ သင့်တော်သည့် ဝန်းကျင်တစ်ခု ဖန်တီးရေး ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံအပေါ် ထိရောက်စွာ ဖိအားပေးရေး မိမိအနေဖြင့် ကုလသမဂ္ဂကို တိုက်တွန်းတောင်းဆိုထားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြုလုပ်သည့် ၇၇ ကြိမ်မြောက် ကုလအထွေထွေညီလာခံ၌ ပြောကြားသည့် သူမ၏ မိန့်ခွန်းကို ရည်ညွှန်း ပြောဆိုသွားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required