စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ထွက်ပြေးနေရသည့် ဒေသခံအမျိုးသမီး ၃ ဦး စစ်ရှောင်ရင်း မီးဖွားခဲ့ရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ထွက်ပြေးနေရသည့် ဒေသခံအမျိုးသမီး ၃ ဦး စစ်ရှောင်ရင်း မီးဖွားခဲ့ရ

September 30

မဇ္ဈိမ။ ။မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် နှင့် ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်း ထိုးနေသည့် ၁၀ရက်ကြာ ကာလအတွင်း ထွက်ပြေးနေရသည့် ဒေသခံအမျိုးသမီး သုံးဦး စစ်ရှောင်ရင်း သားယောက်ျားလေးများ မီးဖွားခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ကျေးပေ ကျေးရွာရှိ အမျိုးသမီး နှစ်ဦးမှာ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ပခုက္ကူမြို့နယ် မြစ်ဖျားကျေးရွာနေ အမျိုးသမီး တစ်ဦးမှာ စက်တင်ဘာ ၂၀ ရက်နေ့တွင် လည်းကောင်း အသီးသီး မီးဖွားခဲ့ကြပြီး သားယောက်ျားလေးများ မွေးဖွားခဲ့ကြောင်းသိရသည်။

“ပြေးနေတုန်းက တောထဲမှာပဲ မီးဖွားရတာ နှစ်ယောက်ပါ။ တစ်ယောက်က ရွာထဲမှာ မီးဖွားတယ်။ နောက်တစ်ယောက်က တောထဲမှာပဲဗိုက်နာလို့ အရပ်လက်သည်နဲ့ပဲ မွေးလိုက်ရတယ်။ ကျန်တစ်ယောက်ကိုတော့ ပခုက္ကူဘက်က ကျန်းမာရေး ဆေးခန်း ဖွင့်တဲ့ ဆီကိုပို့ပြီး မွေးပေးလိုက်ရတယ်။ယောက်ျားလေးတွေပါ” ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ခံ ကိုဒေးဗစ် က မဇ္ဈိမကို ပြောသည်။

အင်အား ၃၀၀ ကျော်ပါဝင်သည် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပခုက္ကူမြို့နယ်ရှိ စိုင်ဖြူ၊ ရှားဒူးရွာ၊ တောင်ပါးလူ၊ အရှေ့ကမ်းဖြူ၊ ဥယျဉ်စု၊ ဒဲ့ပြား၊ စညောင်း၊ မြစ်ဖျား၊ လေးတိုင် စသည့်ကျေးရွာများကို စစ်ကြောင်း နှစ်ခုဖြင့် စစ်ကြောင်းထိုး၍ နေအိမ်များ ကိုမွှေနှောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အင်အား ၁၂၀ ကျော်ဖြင့် ဆိပ်ဖြူမြို့နယ်ရှိ သံပရာပင်၊ ဆားလောင့်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျားပေ၊ ကျားကွဲ၊ ညောင်ဂွေးဝကျေးရွာများတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒေသခံများမှာ စစ်ရှောင်ခဲ့ရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မကွေးတိုင်း

#ဆိပ်ဖြူမြို့

#ပခုက္ကူမြို့နယ်

#စစ်ရှောင်အမျိုးသမီး၃ဦး

#မီးဖွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly