ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် ပြော 

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို အလွန်စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ အထူးသံတမန် ပြော 

စက်တင်ဘာလ ၅ ရက်

၂၀၂၁ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှု၌ စစ်တပ်က ဖယ်ရှားကာ ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအား “အလွန် စိုးရိမ်ပူပန်ကြောင်း” မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်း ဟေဇာက ပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည်အား မတွေ့ရဘူးဆိုပါက မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်လိမ့်မည်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲ မသမာမှုဖြင့် ပြီးခဲ့သည့် သီတင်းပတ်က နောက်ထပ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရကြောင်း တနင်္လာနေ့က စင်ကာပူရှိ ISEAS Yusf Ishak Institute တွင် နိုလင်း ဟေဇာက မှတ်ချက်ချပြောဆိုခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် သိုသပ်သော စစ်တရားရုံး၌ အခြားသော ပြစ်မှုများဖြင့်လည်း စီရင်ခံရကာ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီးလည်း ဖြစ်သည်။ 

“သူ့ ကျန်းမာရေးအတွက် ကျွန်မ အတော်လေး စိုးရိမ်ပါတယ်၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်တာကိုလည်း ကျွန်မ ရှုတ်ချတယ်”ဟု နိုလင်း ဟေဇာက ပြောပြီး ဩဂုတ်လအတွင်း နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်ပူပန်ကြောင်း ပြောဆိုခဲ့သည်ဟု မှတ်ချက်ချသည်။ ထိုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့သကဲ့သို့ အသက် ၇၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်ပြန်ခွင့် ပေးရန် စစ်အာဏာသိမ်းခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။ 

“နောက်ကျရင် တွေ့ရပါမယ်လို့ သူတို့က ကျွန်မကို ပြောတယ်”ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲများ နောက်ပိုင်း ပထမဆုံး လွှတ်တော်ကို ဆင့်ခေါ်ရန် ရှိချိန် လွန်ခဲ့သော ၁၈ လက စစ်တပ်အာဏာသိမ်းလိုက်ချိန်မှစကာ အကျပ်အတည်း ဆိုက်လျက် ရှိသည်။ 

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ပေါ်ပေါက်ကာ စစ်တပ်က အင်အားသုံး ဖြိုခွင်းခဲ့သည်။ 

ယင်းနောက်ပိုင်း လများ၌ ဆန္ဒပြသူအချို့က လက်နက်ကိုင် တော်လှန်ရာ အခြေအနေက ပို၍ ဆိုးလာခဲ့ပြီး စစ်တပ်က ခုခံမှုများကို ဖြိခွင်းရန် ကျေးရွာများအား ဗုံးကြဲခြင်းနှင့် အရပ်သား နေအိမ်များအား မီးရှို့ခြင်းများ ကျူးလွန်ကြသည်။ 

အာဏာသိမ်းချိန်မှစပြီး လူပေါင်း ၂၂၆၃ ဦး အသတ်ခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ဆိုသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly