ပေးဆပ်ချင်စိတ်ရှိမှ ငြိမ်းချမ်းရေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပေးဆပ်ချင်စိတ်ရှိမှ ငြိမ်းချမ်းရေးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၀)။ ။ ငြိမ်းချမ်းမှုရှိမှသာ တိုင်းပြည်ချမ်းသာကြွယ်ဝလာမည်ဖြစ်ပြီး တစ်ဦးချင်းစီက ရယူလိုစိတ်ကိုရှေ့တန်းမတင်ဘဲ ပေးဆပ်လိုစိတ်ရှိမှသာ ငြိမ်းချမ်းရေးရရှိမည်ဟု အစိုးရတစ်ရပ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

"ငြိမ်းချမ်းမှုအတွက် အဓိကလိုအပ်ချက်ကဘာလည်းဆိုတော့ တစ်ယောက်တစ်မျိုးပြောကြမှာပဲ။ ဒါပေမယ့် ကျွန်မအနေနဲ့တော့ ပေးချင်တဲ့စိတ်၊ ကျွန်မတို့တစ်ဦးချင်းတစ်ဦးချင်းဟာ ပေးဆပ်ချင်တဲ့စိတ်ကို ပြုစုပျိုးထောင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ငြိမ်းချမ်းရေးကိုရဖို့ ခက်ခဲမှာမဟုတ်ပါဘူး။ ပေးဆပ်ချင်တဲ့စိတ်ရှိရမယ်။ ရယူချင်တဲ့စိတ်ကို နောက်မှာထားရမယ်" ဟု ဖေဖော်ဝါရီ ၂၀ရက်၊ ညပိုင်းတွင် နေပြည်တော်တွင်ပြုလုပ်သည့် (၆၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

နှစ်ပေါင်း ၆၀ကျော် သန္ဓေတည်လာသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် ဝိုင်းဝန်းကြိုးစားကြရန်လည်း အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သေးသည်။

"ကျွန်မတို့ပြည်ထောင်စုကြီးတစ်ခုလုံး နေရာတိုင်း၊ နေရာတိုင်းမှာ အေးချမ်းနေပြီ၊ ငြိမ်းချမ်းနေပြီလို့ပြောလို့မရဘူးဆိုတာ ကျွန်မတို့ ပြည်သူ၊ ပြည်သားများအားလုံးအသိပဲ ဖြစ်ပါတယ်။ တချိန်တစ်ခါမှာ ကျွန်မတို့ပြည်ထောင်စုကြီးဟာ မငြိမ်းချမ်းတဲ့နယ်မြေတွေ တစ်လက်မမှမရှိအောင်လို့ ကြိုးစားရမှာဖြစ်ပါတယ်" ဟု ၆၈နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLDအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစွာကိုင်တွယ်ဖြေရှင်းမည်ဟုပြောဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုထူထောင်ရေးတွင် ချင်းတိုင်းရင်းသားများပူးပေါင်းပါဝင်ရန်လည်း ဖိတ်ခေါ်ခဲ့သည်။

"အင်မတန်မှသစ္စာတရားကြီးမားတယ်လို့နာမည်ကြီးတဲ့ ချင်းတိုင်းရင်းသားများဟာ ပြည်ထောင်စုထူထောင်ရေးမှာ ရှေ့ကနေပြီးတော့ လမ်းပြစေချင်ပါတယ်" ဟု သူမက ဆိုသည်။

၆၈နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဌ ဦးအေးသာအောင်တို့အပြင် လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းတို့ဇနီးမောင်နှံလည်း တက်ရောက်လာကြသည်ကို တွေ့ရသည်။

သို့သော် အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်ပြုလုပ်သော ယင်းအခမ်းအနားသို့ အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှအပ လက်ရှိအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ခြင်း မရှိပေ။

ဖလမ်းမြို့တွင် ကျင်းပသော ချင်းပြည်သူ့ညီလာခံကြီးတွင် ချင်းအမျိုးသားများ၊ မင်းမျိုးမင်းနွယ်စုများအားလုံး ထောင်ကျော်တက်ရောက်၍ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်အစား လူထုရွေးကောက်တင်မြောက်အုပ်ချုပ်သည့် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ရက်ကို “ချင်းအမျိုးသားနေ့” အဖြစ် ချင်းတိုင်းရင်းသားများက သတ်မှတ်ထားခြင်းဖြစ်သည်။

 သို့သော် န.အ.ဖ အစိုးရလက်ထက်တွင် “ချင်းအမျိုးသားနေ့” ဟု တရားဝင် နာမည်သုံးစွဲကျင်းပခွင့်မရခဲ့ဘဲ ၂၀၁၃ခုနှစ်ရောက်မှသာ အစိုးရနှင့် ချင်းအမျိုးသားတပ်တို့ သဘောတူညီမှုရရှိကာ “ချင်းအမျိုးသားနေ့” အဖြစ် စတင်ကျင်းပခွင့်ရခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly