ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ ကျန်းမာရေးဌာနမှ Suangdawn ကုတင် ၅၀ဆံ့ ဆေးရုံဖွင့်လှစ်

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ ကျန်းမာရေးဌာနမှ Suangdawn ကုတင် ၅၀ဆံ့ ဆေးရုံဖွင့်လှစ်

ဆလိုင်းဗန်

ဖလမ်း(မဇ္ဈိမ)။ ။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ ကျန်းမာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Suangdaw ကုတင် ၅၀ဆံ့ ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ဩဂုတ်-၂၀ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲ‌ဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။

''ကုတင် ၅၀ ဆေးရုံကတော့ရှိနေပြီသား ဆေးရုံအပေါ်မှာပဲလိုအပ်တာတွေဖြည့်စည်းပေးပြီး ပြန်အဆင့်မြင့်တာဖြစ်ပါတယ်။ PDF-ကလေးအဖွဲ့တွေဆိုရင်လည်း X-Ray စက်တွေကအစ ပါဝင်ထည့်ဝင်လာပေးကြတယ်။ဒီတော့ ဆေးရုံရဲ့လိုအပ်ချက်တွေကို တိုးမြှင့်လိုက်တဲ့သဘောပါပဲ။ဒီဆေးရုံမှာ ခွဲစိတ်ကုသနေတဲ့ ဆရာဝန်ကြီးတွေလည်းရှိတယ်။ သူနာပြုတွေလည်းအများကြီးရှိတယ်။ အဓိက ကလေး-ကဘောဘက်က တိုက်ပွဲဖြစ်တယ်ဆိုရင် ဒဏ်ရာရတဲ့ရဲဘော်တွေကိုလည်း ဒီမှာလာကုပေးတယ်။ နှာစေးချောင်းဆိုးဖြစ်တဲ့သူတွေကအစ ကုသပေးနေပါတယ်။ အပြင်လူနာတွေဆိုရင် ဆေးကုသပေးနေတာ အယောက်ပေါင်းထောင်ကျော်ကို ကုသပေးနေပြီဖြစ်ပါတယ်။ ဆေးရုံဖွင့်တယ်ဆိုတာကလည်းကျန်းမာရေးဌာနကနေဦးဆောင်ပြီးဖွင့်တာဖြစ်တယ်။ Suangdawn (ဆုန်ဒုန်)တစ်ဝိုက်မှာရှိတဲ့လူနာတွေအားလုံးအပြင် ဒီဖွင့်ပွဲမှာလည်း ပကဖ (ကလေး) နဲ့ CDF-KKG တွေလည်းပါတယ်။ PDF-ကလေးအဖွဲ့တွေအားလုံးပူးပေါင်းပါဝင်ပြီးလုပ်ဆောင်ထားတာဖြစ်လို့ တော်လှန်ရေးဆေးရုံဆိုရင်လည်း မမှားပါဘူး''ဟု CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ပြောသည်။

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်၍ ဆေးကုသပေးလျက်ရှိပြီး၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဆေးရုံအဖြစ်သို့ တိုးချဲ့ကာ PDF-kalay ဆရာဝန်များနှင့် ပူးပေါင်းလက်တွဲပြီး ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသခြင်း၊ ကလေး မီးဖွားပေးခြင်းနှင့် ‌ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည်။

''လိုရင်းပြောရရင် ဒီဆေးရုံကြီးအပြင် ကျန်တဲ့နေရာတွေမှာလည်း ခွဲစိတ်လို့ရတဲ့အထိ လုပ်ဆောင်ထားတာတွေရှိတယ်။ ရိုးရိုးသူနာပြုတွေနဲ့ပဲ ဖွင့်ထားတဲ့စင်တာ ခုနစ်နေရာလောက် ဖွင့်လှစ်ထားတာတွေရှိတယ်။ မီဇိုရမ်ဖက်မှာလည်း စစ်ဘေးရှောင်တွေအတွက် ဖွင့်ထားတဲ့ဆေးပေးခန်းတွေ အများကြီးရှိပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးအတွက် လိုအပ်တဲ့ပြည်ထဲရေး၊ကျန်းမာရေး၊ ပညာရေးတွေကအစ အစိုးရတစ်ခုရဲ့ယန္တရားလည်း လည်သင့်လည်ထိုက်တဲ့အရာတွေကို ကြိုးစားပြီးလုပ်ဆောင်နေပါတယ်။''ဟုလည်းCNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက ဆိုသည်။

အဆိုပါ CNO ၏ ကျန်းမာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Suangdawn ကုတင် ၅၀ဆံ့ ဆေးရုံကြီးကို PDF-Kalayအဖွဲ့နှင့် အဓိက လက်တွဲ ဆောင်ရွက် နေပြီးဆေးရုံဖွင့်ပွဲနေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ICNCC တို့မှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကျန်းမာရေးဌာနမှ

#ICNCC

#CNO

#Suangdawn

#ဆေးရုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly