ရခိုင်တပ်မတော် လက်နက်ချမည်မဟုတ်ဟု တုန့်ပြန်

ရခိုင်တပ်မတော် လက်နက်ချမည်မဟုတ်ဟု တုန့်ပြန်
ရခိုင်တပ်မတော် တပ်ဖွဲ့ ဝင်များ (ဓာတ်ပုံ- အီးပီအေ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။              ။ ရခိုင်တပ်မတော် (AA) အနေဖြင့် လက်နက်လုံးဝချမည်မဟုတ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး ကျော်ဟန်က ဖေဖော်ဝါရီ ၇ရက်တွင် တုန့်ပြန်ပြောဆိုသည်။

"လက်နက်ချမယ်ဆိုရင် အစကတည်းက လက်နက်ကိုင်ပြီး မတော်လှန်ဘူး၊ ကျွန်တော်တို့ကိုလည်း အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆက်ဆံသလိုတန်းတူဆက်ဆံတာကိုပဲ လက်ခံတယ်။ အစိုးရကလက်နက်နဲ့ ငြိမ်းချမ်းရေးလဲဆိုတာက လက်နက်ချလို့ပြောတာပဲ ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။" ဟု AA ဒု-ဗိုလ်မှူးကြီး ကျော်ဟန်ကပြောသည်။

ဖေဖော်ဝါရီ ၆ရက်၊ နေ့လည် ၁နာရီအချိန် ရခိုင်ပြည်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးတွင် ပြုလုပ်သည့် ပြည်နယ်အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုအဖွဲ့ ECC အစည်းအဝေးတွင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် တိုင်းစစ်ဌာနမှ ဗိုလ်မှူးချုပ်အဆင့်ရှိသူတို့က စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေး အဖွဲ့ သံဃာများမှတစ်ဆင့် ပြောကြားပေးရန်   တောင်းဆိုခဲ့ခြင်းအပေါ် AA ကတုန့်ပြန်ခြင်းလည်းဖြစ်သည်။

"ဘုန်းကြီးတွေကနေတစ်ဆင့် ပြည်သူတွေ၊ အဲဒီကနေ AA ဆီကိုသိအောင်လို့ ပြောခိုင်းတဲ့သဘောပဲ၊ ဒါပေမယ့် အဲဒီတုန်းကတက်တဲ့ ဘုန်းကြီးတို့အဖွဲ့ကတော့ ငြိမ်းချမ်းရေးအတွက်ဆိုရင် နှစ်ဖက်လုံးက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရှေးရှု့ပြီး အလိမ်မပါဘဲဆွေးနွေးကြဖို့ကိုပြောခဲ့တယ်။ သူတို့လည်း သူတို့ယုံကြည်ချက်နဲ့ လုပ်နေတယ်လို့ပဲထင်တယ်လေ။" ဟု ဖေဖော်ဝါရီ ၆ရက် ECC အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးအဖွဲ့ တောင်ပိုင်းနာယကဖြစ်သူ အောင်မြေကုန်းဆရာတော် ဦးစန္ဒာဝရက မိန့်သည်။

ဖေဖော်ဝါရီ ၆ရက်၊ နေ့လည် ၁နာရီ ECC အစည်းဝေးကို စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးအဖွဲ့ မှသံဃာ ၁၂ပါး၊ နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် တိုင်းစစ်ဌာနမှ ဗိုလ်မှူးချုပ်အဆင့် ရှိသူတို့ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဌာဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ တက်ရောက်ကြပြီး AA လက်နက်ချရေး၊ ရခိုင်ပြည်နယ်အတွင်း အေးချမ်းစွာယှဉ်တွဲနေထိုင်ရေးတို့ကို ဆွေးနွေးခဲ့သည် ဟု ဆက်လက် မိန့်သည်။

ECC အစည်းအဝေးသို့ မတက်ရောက်ခဲ့သည့် ECC အဖွဲ့ဝင် ဦးသာပွင့်က "ကျွန်တော်မတက်ခဲ့ဘူး။ အဲဒီအစည်းအဝေးကို အဲဒီလိုဆိုတာကိုကြိုကြားတယ်။ ဘေးကျပ်နံကျပ်မဖြစ်ချင်ဘူး။ AA ကလည်း သူတို့ယုံကြည်ရာကို အသက်နဲ့လဲလုပ်နေတာ နှစ်ဖက်လုံးကမမှားဘူး။ ငြိမ်းချမ်းရေးဆိုတာက နှစ်ဖက်လုံးအလျော့အတင်းလုပ်ပြီးမှ ငြိရမှာပါ၊ အခုလိုလက်နက်ချခိုင်းတာတော့ လက်ခံမယ်မထင်ဘူး။" ဟုပြောသည်။

လက်ရှိရခိုင်တိုင်းရင်းသားများအရေးအတွက် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC) နှင့် ယင်းလက်အောက်မှ ရခိုင်ပြည်နယ်တပ်မတော် (AA) အပြင် ရခိုင်တပ်မတော် (AA) ဟုဆိုကာ လက်နက်ကိုင်လှုပ်ရှားနေသည့် ၄ဖွဲ့ရှိနေသည်။

ယင်းအဖွဲ့များထဲမှ၂၀၀၈ခုနှစ်တွင် စတင်တည်ထောင်သည့် ရခိုင်တပ်မတော် (AA) ကိုလက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန် ပြည်နယ်အစိုးရက အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို လက်ရှိအစိုးရက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ခြင်းလည်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly