အစွဲတွေ မထားကြဖို့ လွှတ်တော်ဥက္ကဌသစ် မန်းဝင်းခိုင်သန်းပြော

အစွဲတွေ မထားကြဖို့ လွှတ်တော်ဥက္ကဌသစ် မန်းဝင်းခိုင်သန်းပြော
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(ဖေဖော်ဝါရီ ၃)။    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအမတ်ဖြစ်သူ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ မန်းဝင်းခိုင်သန်းအား ဖေဖော်ဝါရီ ၃ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်လိုက်သည်။

ကရင်တိုင်းရင်းသားတစ်ဦးဖြစ်သူ၊ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မန်းဘခိုင်၏ မြေးတော်စပ်သူလည်း ဖြစ်သူ မန်းဝင်းခိုင်သန်းက ဥက္ကဌဖြစ်ဖြစ်ချင်း   နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ ၎င်း၏ ပြောကြားချက်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ကြွရောက်လာသော ဧည့်သည်တော်ကြီးများ၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

လေးစားအပ်တဲ့ ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ...။
ကျွန်တော်ကတော့ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းဝင်းခိုင်သန်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးမှာ အခုလို နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ကရင်တိုင်းရင်းသားဖြစ်တဲ့ ကျွန်တော့ကို ကြီးလေးတဲ့တာဝန်ထမ်းဆောင်ဖို့ ယုံကြည်စိတ်ချစွာဖြင့် ဥက္ကဌအဖြစ် ရွေးချယ်ခွင့်ပေးတဲ့အတွက် ကိုယ်စားလှယ်တော်ကြီးများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော့အပေါ်ယုံကြည်လို့ ပေးအပ်တဲ့တာဝန်ကို ကျွန်တော့အနေနဲ့ ဥပဒေများနဲ့အညီ သစ္စာရှိစွာ ကျေကျေပွန်ပွန်ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံဟာ တည်နေရာအနေအထားနဲ့ သယံဇာတပေါများကြွယ်ဝမှုတို့မှာ ဘယ်နိုင်ငံမှ မှီမယ်မထင်ပါဘူး။ အဲ့ဒီအနေအထားအရ ကျွန်တော်တို့နိုင်ငံဟာ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်ရမယ့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲ့လိုမဖြစ်ခဲ့ပါဘူး။ အဲ့ဒီအခြေအနေကနေ ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ပြည်သူပြည်သားတွေကနေ ရွေးချယ်ခဲ့တဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီးတို့ရဲ့တာဝန်ဖြစ်လာပြီ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာအောင် ဆောင်ရွက်ဖို့ ရလာတဲ့အခွင့်အရေးဟာ ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးတို့အတွက် ကြီးမားတဲ့ မဟာအခွင့်အရေးကြီးတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီရလာတဲ့ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး မှန်မှန်ကန်ကန် သစ္စာရှိစွာ ဆောင်ရွက်ရင်း မိမိတို့ရဲ့ကောင်းမွန်တဲ့ သမိုင်းသစ်တစ်ရပ်ကို ရေးထိုးရမှာ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။  ကျွန်တော်တို့ရဲ့ နိုင်ငံကို ချမ်းသာကြွယ်ဝဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးရရှိဖို့ ၊ တရားဥပဒေစိုးမိုးရေးရရှိဖို့၊ အမျိုးသားရင်ကြားစေ့ရေးရရှိဖို့ အထူးပဲ လိုအပ်ပါတယ်။ အဲ့ဒီအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် တရားဥပဒေတွေ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားလွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ အာဏာကြီးသုံးရပ်အနက် ဥပဒေပြုရေးအာဏာရရှိထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့ အားလျော်စွာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့အတွက် လိုအပ်တဲ့ဥပဒေများကို ရေးဆွဲပြဌာန်းဖို့၊ မလိုအပ်တဲ့ ဥပဒေများကို ပြင်ဆင်ပယ်ဖျက်ဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးတို့အနေနဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲတွေမထားဘဲ ငါတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေဖြစ်တယ်။ တစ်မြေထဲနေ၊ တစ်ရေထဲသောက်တဲ့ ညီအစ်ကိုမောင်နှမတွေ ဖြစ်တယ်လို့ ခံယူပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမယ့် ဥပဒေများကို ရေးဆွဲပြဌာန်းနိုင်ဖို့ တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်၊ ချစ်ချစ်ခင်ခင်၊ ရင်းရင်းနှီးနှီးနဲ့ ကြိုးစားဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly