NUG နှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဟု မလေးရှား ပြော

NUG နှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည်ဟု မလေးရှား ပြော

မေ ၈

မြန်မာနိုင်ငံ၏ မတိုးသာမဆုတ်သာ နိုင်ငံရေးအခြေအနေကို ပြေလည်စေရေး အားထုတ်သည့်အနေဖြင့် မလေးရှားသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် မြန်မာရှိ အစုအဖွဲ့အားလုံးနှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း သိရသည်။ NUG နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် မလေးရှား၏ တောင်းဆိုမှုက အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့် တစ်ပြေးညီ ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောသည်။

လက်ရှိအခြေအနေအရ စိတ်ဓာတ်ရေးရာ အားပေးမှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် သက်ဆိုင်သည့် အစုအဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း ဆိုင်ဖူဒင်က ပြောသည်။

“ကျွန်တော်တို့ဟာ ဘယ်ဘက်ကနေ ပါမလဲ ဆိုပြီး ရွေးချယ်နေတာ မဟုတ်ပါဘူး။ အဲဒီလို ရွေးချယ်စရာလည်း လုပ်ဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ကျွန်တော်တို့ဟာ အာဆီယံကို နေပြည်တော်(စစ်အာဏာသိမ်းအုပ်စု) နဲ့ ထိတွေ့ဆက်ဆံမှု ရပ်တန့်စေဖို့ လုပ်နေတာလည်း မဟုတ်ပါဘူး။ ထိတွေ့ဆက်ဆံတာက ပြဿနာမဟုတ်ပါဘူး။ အစုအဖွဲ့အားလုံးနဲ့ ထိတွေ့ဆက်ဆံပါ။ ဒါက မလေးရှား လုပ်နေတဲ့ ကိစ္စပါ” ဟု ၎င်းက မေလ ၇ ရက်က ၎င်း၏ ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

မေလ ၁၁ ရက်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း NUG ၊ NUCC တို့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရေး မလေးရှားဘက်က အဆိုပြုမည်ဖြစ်ကြောင်း ဆိုင်ဖူဒင်က ထပ်လောင်း ပြောဆိုခဲ့သည်။ မေလ ၁၁ ရက် အစည်းအဝေးအပြီး မေလ ၁၂ နှင့် ၁၃ ရက်တို့တွင် အာဆီယံ-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲကို ဝါရှင်တန်၌ ကျင်းပရန် ရှိနေသည်။

ဘုံသဘောတူညီချက် ငါးချက်ကို မည်ကဲ့သို့ အကောင်းဆုံး အကောင်အထည် ဖော်သွားနိုင်မလဲ ဆိုသည်နှင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်ကို လုပ်ပိုင်ခွင့် အာဏာပေးရန် နည်းလမ်းတစ်ခု ရှာရေး ၎င်းအနေဖြင့် အာဆီယံကို အဆိုပြုသွားမည်ဟု ဆိုင်ဖူဒင်က ပြောသည်။

“သူတို့တွေက အကောင်းဆုံး ကြိုးစားနေပါတယ်။ ဒါပေမယ့် မြန်မာမှာက အကန့်အသတ်တွေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ နည်းလမ်းတစ်ခု ရှာရပါလိမ့်မယ်။ အထူးသံတမန်တွေ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်အောင် ကူညီပေးဖို့ ကျွန်တော်တို့အတွက် နည်းလမ်းတစ်ခု ရှိရပါလိမ့်မယ်” ဟု ဆိုင်ဖူဒင်က ပြောသည်။

NUG ၊ NUCC တို့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရေး အာဆီယံကို အဆိုပြုခြင်းအားဖြင့် မြန်မာ၏ အာဏာသိမ်းစစ်အုပ်စုကို ပိုမို အထီးကျန်စေရန် ဖြစ်စေလိမ့်မည်လားဟု မေးမြန်းမှုကို ဆိုင်ဖူဒင်က ဖြေကြားရာတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် အာဆီယံဘုံသဘောတူညီချက် ငါးချက် သဘောတူလက်ခံခဲ့ပြီးနောက် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၎င်းတို့ဘာသာ သီးခြား ရှိနေခဲ့သည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly