ရန်ကုန်မြို့ လှည်းတန်း၌ ဆိုက်ကားဆရာ အုပ်စုဖွဲ့ ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်မြို့ လှည်းတန်း၌ ဆိုက်ကားဆရာ အုပ်စုဖွဲ့ ဓားထိုးခံရပြီး သေဆုံး

မေ ၅

ရန်ကုန် မြို့၊ လှည်းတန်း၌ အနှေးယာဉ် လုပ်သား (ဆိုက်ကားဆရာ) တစ်ဦး ယမန်နေ့ မေလ ၄ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် လူ ငါးဦးကျော်ပါသည့် အုပ်စုက ဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

" ဓားသုံးချက်လောက် အထိုးခံရတယ်။ လည်ပင်း ရင်အုံနဲ့ ဗိုက်နားပေါ့ ။ နေရာမှာတင် ဆုံးသွားတယ် ''ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးက ဆိုသည်။

သေဆုံးသွားသည့် ဆိုက်ကားဆရာသည် လှည်းတန်းလမ်းဆုံ၌ မေလ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖုန်းလုယက် ခံရမှုတွင် ခါးပိုက်နှိုက်ကို ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"အဲ့ဒီကောင်တွေက သူ (ယခုသေဆုံးသူ) ရဲလက် အပ်ခဲ့တဲ့ ခါးပိုက်နှိုက်တွေပဲ။ အရင်ကလည်း သူက ခါးပိုက်နှိုက် သုံးလေးယောက်လောက်ကို ဝိုင်းဖမ်းပေးပြီး ရဲလက် အပ်ပေးဖူးတယ်။ ဒီကောင်တွေက ညနေပိုင်းတွေ လူများတဲ့အချိန် ဒီနားမှာ လာလာ လှုပ်ရှားနေကြတာ '' ဟု ဒေသခံ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိသေဆုံးသူ အနှေးယာဥ်လုပ်သား ဦးကတုံးသည် မိသားစုနှင့် ကလေးများ ရှိပြီး ခုနစ်မိုင်ခွဲတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။

ဦးကတုံး အသတ်ခံရသည့် နေ့တွင် ယင်းနေရာ အနီး ဆင်းကတ် ရောင်းဝယ်သူ တစ်ဦးလည်း တိုက်ခိုက် ခံခဲ့ရပြီး ထွက်ပြေး ခြင်းကြောင့် အသက်သေဆုံးခဲ့ခြင်း မရှိကြောင်း မျက်မြင် တွေ့ရှိသူက ပြောသည်။

" ဆင်းကတ်ရောင်းတဲ့ သူကိုလည်း အဲ့ဒီကောင်လည်း ပါတယ်ဆိုပြီး ဝိုင်းလုပ်တာ။ သူထွက်ပြေးလို့ မသေဘဲ လွတ်တာ။ ဒါတောင် ပေါင်ကို ဓားထိုး ခံလိုက်ရသေးတယ်'' ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - အနှေးယာဥ်လုပ်သား အသတ်ခံရသည့်နေရာ

#Mizzima

#လှည်းတန်း

#ဦးကတုံး

#အုပ်စုဖွဲ့

#ခါးပိုက်နှိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly